ပြပွဲကနေ ကျွန်တော့်ထုတ်ကုန်တွေကို လူအများကြီးသိရှိနိုင်အောင်ဆောင်ရွက်ခွင့်ရခဲ့တယ်၊ ထပ်ပြီး ဘယ်လိုတိုးချဲ့လုပ်ကိုင် ရမယ်ဆိုတဲ့အကြံဉာဏ်လည်းရခဲ့တယ် (ဦးထွန်းလွင်)
(၇၉) နှစ်မြောက်
ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို
နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက် အထိ ကျင်းပလျက်ရှိသည်။
ပြပွဲတွင်
ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိပြီး
ပါဝင်ပြသ ရောင်းချကြသည့် လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ခံများ၏ စကားသံများကို
ဖော်ပြလိုက်ရပါသည် -
ဦးမျိုးမင်းထိုက်
ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်း
MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ FDA အသိအမှတ်ပြုလက်မှတ် ရရှိပြီးသား ဆီလုပ်ငန်းရှင်တွေအားလုံး
လာရောက်ခင်းကျင်းပြသ ရောင်းချလျက်ရှိပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့
နိုင်ငံခြားသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊
စားသုံးသူတွေ အန္တရာယ်ကင်းရှင်းစေဖို့ ဆောင်ရွက်နေသလို ဆီလုပ်ငန်းရှင်တွေ
လုပ်ငန်းအဆင်ပြေစေဖို့ အားလုံးနဲ့အတူ ပူးပေါင်း ဆောင်ရွက် နေပါတယ်။
နိုင်ငံတော်ကနေ
ပံ့ပိုးကူညီပေးတဲ့ချေးငွေလည်း ကျွန်တော်တို့ ဆီစက်ပိုင်ရှင်တွေ ရရှိပါတယ်၊၊
စိုက်ပျိုး တောင်သူတွေလည်း ရရှိကြတယ်၊၊ စိုက်ပျိုးတဲ့အဖွဲ့က ဆီထွက်သီးနှံတွေ
တိုးပြီးစိုက်မယ်ဆိုရင် ကျွန်တော်တို့ ဆီစက်ပိုင်ရှင်တွေအတွက် ကြိတ်ခွဲမှုတွေ ပိုရလာမယ်၊
ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ပြည်တွင်းကဆီကို စားသုံးမယ်ဆိုရင် နိုင်ငံခြားငွေလျှော့ချတဲ့အပိုင်းကို
ဆောင်ရွက်နိုင်မယ်၊ တစ်ဖက်ကလည်း လုပ်ငန်းအခွင့်အလမ်းတွေ ရရှိ လာမယ်။
ဒီလို
ကျွန်တော်တို့ ဆီလုပ်ငန်းကဏ္ဍက ပြည်ပသွင်းကုန် အစားထိုးနိုင်ဖို့အတွက် မဖြစ်မနေ
ကြိုးစားရမယ့်အပိုင်းမှာ ပါဝင်နေပါတယ်။ ဒါကြောင့် တောင်သူတွေ၊ ထုတ်လုပ်သူတွေ
အားလုံးက ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သက်ဆိုင်တဲ့
ဝန်ကြီးဌာနတွေအနေနဲ့ ကျွန်တော်တို့ကို လမ်းညွှန် စီမံပေးမယ်ဆိုရင် တောင်သူ၊
စက်ပိုင်နဲ့ စားသုံးသူတွေအကြား အချိတ်အဆက် အားကောင်းပြီး လုပ်ငန်းဆောင်ရွက်ဖို့
ပိုပြီးလွယ်ကူမယ်ထင်ပါတယ်။
စားသုံးသူတွေကိုလည်း
ကျွန်တော်တို့နိုင်ငံကထွက်တဲ့ စားသုံးဆီကိုသုံးစွဲရင်း နိုင်ငံရဲ့ စီးပွားရေး လည်ပတ်မှုယန္တရားကို
တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်မှာမို့ ပြည်တွင်းစားသုံးဆီကိုပဲ
စားသုံးပေးပါ၊ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ဖိတ်ခေါ်ချင်ပါတယ်၊၊
ဒေါ်ခင်မေသွင်
မန်နေဂျာ၊ အမရရွှေပြည်ရက်ကန်း
ကျွန်မတို့အနေနဲ့
အာဆီယံပွဲတွေမှာ သွားရောက်ပြီး ပြသရောင်းချခဲ့တယ်။ အောင်မြင်မှုလည်း ရခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲတဲ့သူတွေက သဘောကျကြပါတယ်။ အရင်ကတော့ UMFCCI က ပြုလုပ်တဲ့ ပွဲတွေမှာပြသခဲ့ဖူးပါတယ်။ MSME ခေါင်းစဉ်အောက်ကနေ ပြသတာကတော့ အခုက ပထမဦးဆုံးပါပဲ။
အခုပွဲမှာ တက်ရောက်ပြသခွင့်ရတဲ့အတွက် လုပ်ငန်းရှင်တော်တော်များများနဲ့ အချိတ်အဆက်ရတယ်။
လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ဆိုင်တွေမှာ ရောင်းချင်လို့ လာရောက်ပြီး
ချိတ်ဆက်ကြတယ်။ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ဝန်ထမ်းတွေအတွက် ချိတ်ဆက်ဝယ်ယူကြ ပါတယ်။
ဒါကြောင့် အဆင်ပြေပါတယ်။
ကျွန်မတို့ဆီမှာ
ချည်ထည်နဲ့ ပတ်သက်ပြီး ဒီဇိုင်းအစုံရှိပါတယ်။ အထည်အမျိုးအစားပေါင်း ၅၀
ကျော်ရှိပါတယ်။ ဖွင့်ပွဲနေ့ကတော့ သိန်း ၁၅၀ ဖိုးလောက် ရောင်းရတယ်။ ပြပွဲတစ်ရက်ကို
ခန့်မှန်း သိန်း ၅၀ ဖိုးလောက် ရောင်းရပါတယ်။ တချို့ကတော့ ဝင်လေ့လာကြပြီး
အရည်အသွေးကို သဘောကျလို့ ဝယ်ယူကြပါတယ်။ နေပြည်တော်က ဆိုင်တချို့လည်း
လာရောက်ချိတ်ဆက်မှုတွေ ရှိပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ငွေကြေးအားဖြင့်၊
ဈေးကွက်အားဖြင့် အကျိုးအမြတ် အများကြီးရခဲ့တဲ့ ပြပွဲဖြစ်ပါတယ်။ ကျွန်မတို့
ချည်ထည်တွေကို ပေးရတဲ့ဈေးနဲ့အဆင်ပြေအောင် ဆောင်ရွက်ပေးထား ပါတယ်။ နောက်ပြီး Promotion အစီအစဉ်တွေလည်း ရှိပါတယ်။ ပြီးတော့ပြပွဲမှာ ရက်ကန်း ရက်တဲ့လုပ်ငန်းစဉ်ကို
ပြသပေးထားပါတယ်။ ရက်ကန်းကို မမြင်ဖူးတဲ့သူတွေ ရှိပါတယ်။ မြန်မာ့ရိုးရာ ရက်ကန်းပညာကို
အားလုံးကို သိစေချင်တာမို့ ပြသတာပါ။ လာရောက်လေ့လာပြီး ဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးထွန်းလွင်
ထွဏ်းဝါးလက်မှုလုပ်ငန်း
ကျွန်တော်တို့
လုပ်ငန်းကထုတ်ကုန်တွေ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေက အများကြီးဝယ်ယူ အားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဝယ်ယူတဲ့သူတွေက ထုတ်ကုန်အသစ်တွေ၊ ဒီဇိုင်း အသစ်တွေ ထုတ်ဖို့အတွက်လည်း
အကြံဉာဏ်တွေပေးကြတယ်၊ အဲဒီလို အကြံဉာဏ်တွေပေးတော့ ပိုပြီးအားရှိပါတယ်၊ အကြံဉာဏ်တွေ
ပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ဖို့အတွက်
ချေးငွေရရှိဖို့ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ထားတယ်။
ချေးငွေရဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့လို အသေးစား
လက်မှုလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတိုးတက်ဖို့ ဆောင်ရွက်တဲ့အခါမှာ
ကုန်ကြမ်းရှားပါးမှု အခက်အခဲရှိတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာဆိုရင် အဓိကကုန်ကြမ်းဖြစ်တဲ့
ဝါးရှားပါးမှုပါ။ လိုချင်တဲ့ဝါးသက်တမ်း၊ ပြည့်မီတဲ့ ဝါးအရည်အသွေး မရတဲ့အတွက်ရှိတဲ့ဝါးနဲ့
ကြိုးစားပြီးတော့ ကျွန်တော်တို့ ထုတ်ကုန်ကို အကောင်းဆုံး ဖြစ်အောင် ထုတ်လုပ်နေရပါတယ်။
ဒီလို လိုအပ်ချက်တွေအတွက် ဒီပြပွဲက အများကြီး အထောက်အကူ ပြုပေးပါတယ်။ ပြပွဲကနေ
ကျွန်တော့်ထုတ်ကုန်တွေကို လူအများကြီး သိရှိနိုင်အောင်
ဆောင်ရွက်ခွင့် ရခဲ့တယ်၊ ထပ်ပြီး ဘယ်လိုတိုးချဲ့လုပ်ကိုင်ရမယ်ဆိုတဲ့ အကြံဉာဏ်လည်းရခဲ့တယ်။
ဒေါ်ကျင်ဇနဲမ်
ရက်ကန်းလုပ်ငန်းရှင်၊ ချင်းပြည်နယ်ကိုယ်စားပြုပြခန်း
ပြပွဲကို
လာရောက်လေ့လာကြတဲ့သူတွေက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြတယ်။ တော်တော် များများ
လာကြည့်ကြပြီး သိရှိလိုတာကို မေးမြန်းကြတယ်။ ပပျောက်လုနီးနီး ဖြစ်နေတဲ့ ရိုးရာ တစ်ခုကို
အများပြည်သူသိရှိအောင် ပါဝင်ပြသခွင့်ရတဲ့အတွက်လည်း အားရမိပါတယ်။
ရိုးရာဂျပ်ခုတ်လုပ်ငန်းက လက်မှုလုပ်ငန်းဖြစ်တဲ့အတွက် ဖန်တီးရတာနှေးတယ်။
ဝါစေ့ချွေတဲ့စက် ရှိမယ်၊ ချည်မျှင်လုပ်တဲ့စက်ရှိမယ်၊ စက်ကိရိယာ သုံးနိုင်မယ်ဆိုရင်
ပိုပြီးကျယ်ပြန့်မယ်။ ဒီအတွက် ပြုပြင် လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။
ဒါမှလည်း
ရိုးရာရက်ကန်းကို မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်မှာပါ။ ဒါကြောင့် ရိုးရာရက်ကန်းကို
လူသိများအောင်၊ အခွင့်အလမ်းတွေဖန်တီးနိုင်အောင် လာရောက်ပြသတာဖြစ်ပါတယ်။ ပြီးတော့
ကျွန်မတို့ ပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်ပြည်လုံးကို ပျံ့နှံ့သိရှိအောင်
သင်တန်းတွေလည်း ပေးပါတယ်။ ဒါမှ စိတ်ဝင်စားတဲ့သူရှိရင် လုပ်ငန်းလုပ်ကိုင်ပြီး
တိုးတက်စေချင်တယ်။ အဲဒီလိုမျိုး လုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့ အကူအညီ
အထောက်အပံ့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့ဘက်ကနေ တတ်နိုင်သလောက် ထုတ်လုပ်မှုတိုးတက်အောင်
အကောင်းဆုံး ကြိုးစားဆောင် ရွက်မှာဖြစ်ပါတယ်။ ကျွန်မတို့ လုပ်ငန်းကို ပြည်သူတွေ
အများကြီး အခုလိုသိရှိစေနိုင်ဖို့က ကျွန်မတို့တစ်ပိုင်တစ်နိုင် လုပ်ငန်းအားနဲ့
မလွယ်ပါဘူး။ ဒါကြောင့် အခုလိုပြပွဲကြီးကို လာရောက်ပါဝင်ပြသခွင့်ရတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်။
ဦးမျိုးလွင်
ရှမ်းပြည်နယ်ကိုယ်စားပြု ပြခန်းတာဝန်ခံ
ရှမ်းပြည်နယ်
ကိုယ်စားပြုပြခန်းမှာ ပစ္စည်းအရေအတွက် ၂၅၇၀၀၀ နဲ့ ပါဝင်ပြသထားပါတယ်၊၊
ကျွန်တော်တို့ ပြခန်းမှာ အာလူးခြောက်၊ အာလူးကြော်နဲ့ ကော်ဖီထုတ်ကုန်တွေဆိုရင်
ရောင်းအား ကောင်းတဲ့အတွက် အကုန်ကုန်သွားပါပြီ။ ကုန်သွားတဲ့အတွက် တောင်ကြီးကနေ
ထပ်မံမှာယူ ဖြည့်တင်းပြီး ရောင်းချလျက်ရှိပါတယ်။ ရှမ်းပြည်နယ်ရဲ့ ဒေသအသီးသီးကထွက်ရှိတဲ့
လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေလည်း ရောင်းလို့ကုန်သွားတဲ့အတွက် ထပ်မံမှာယူပြီးတော့
ဖြည့်တင်း ရောင်းချပေးနေတာပါ။ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိတဲ့ပြပွဲကြီးပါ။
ဒီပြပွဲကနေ MSME လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်တယ်၊
ပြပွဲရက် တိုးထားတဲ့အတွက် ကျန်တဲ့ပြပွဲ ရက်မှာလည်း လာရောက်လေ့လာ ကြည့်ရှုပြီး
အားပေးဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်၊၊
ဦးတင့်လွင်
ရခိုင်ပြည်နယ်ဦးစီးမှူး ငါးလုပ်ငန်းဦးစီးဌာန
ကျွန်တော်တို့
ရခိုင်ပြည်နယ်ဟာ ပင်လယ်ရေထွက်ကုန်ပစ္စည်း အင်မတန်ပေါများတဲ့ ပြည်နယ်ပါ။ ဒါကြောင့်
ရေထွက်ကုန် အခြေခံတဲ့ ငါးပိ၊ ငါးခြောက်လုပ်ငန်းတွေက အသေးစားလုပ်ငန်းကစပြီး
အကြီးစားအထိ အများကြီးလုပ်ကိုင်ကြတယ်။ ဒီနှစ်မှာ ရခိုင်ဒေသထွက် ထုတ်ကုန်ပစ္စည်းတွေကို
ကုန်ခြောက်ပြသလို ငါးအစိမ်း၊ ပုစွန်အစိမ်းတွေကိုလည်း ပြသရောင်းချပေးပါတယ်။
အခုပြပွဲမှာ ပင်လယ်ငါးသလောက်က ရောင်းအားအကောင်းဆုံးဖြစ်ပြီး လူကြိုက်အများဆုံးပါ။
ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲနဲ့ ငါးပုတ်သင်တွေလည်း လူကြိုက်များတယ်။ ပြည်နယ်ထွက်
ငါးမုန့်ကလည်း နာမည်ကြီးပြီး လူကြိုက်များတယ်။ ရီရီပြုံးငါးမုန့်ဆိုရင်
ထင်ရှားကျော်ကြားတဲ့ ငါးမုန့်လုပ်ငန်း ဖြစ်ပါတယ်။ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဒေသထွက်ကုန်ပစ္စည်းဖြစ်တဲ့အတွက်
ကျွန်တော်တို့ဒေသကို လာပြီး ပြန်တဲ့အခါ တန်ဖိုးနည်းသည်ဖြစ်စေ၊ တန်ဖိုးများသည်ဖြစ်စေ
ဒီငါးမုန့်ကို အမှတ်တရ လက်ဆောင်အဖြစ် ယူသွားချင်ကြတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထွက်
ထုတ်ကုန်တွေကို လာရောက်ကြည့်ရှု လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။
သန်းအေးကျော်
ဓာတ်ပုံ -
အောင်ပြည့်စုံ
No comments