ပြည်တွင်းစားသုံးဆီဖူလုံမှုသို့ ရည်ရွယ်လျှင် . . .(ကြေးမုံ)
ရွှေစင်
ကမ္ဘာ့ဆီထွက်သီးနှံ
စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။
ကျွန်မတို့သည် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီသန့်ဆိုလျှင်
နှစ်ခြိုက်စွာစားသုံးကြသည့်အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊
ပန်းနှမ်းနှင့် ဆီအုန်း စသည်တို့ကား အဓိက အားထားရာပင်။ ထိုအထဲမှာမှ အဓိက ဆီထွက်သီးနှံသုံးမျိုးဖြစ်သည့်
မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့်
ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နှင့် ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်းကို
စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသနှင့် ရှမ်းပြည်နယ်၊ ဆီအုန်းကို
တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိသည်။
ယင်းဒေသများအနက်
မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း
ပြည်နယ်တို့တွင် မြေပဲ၊ နှမ်း၊ နေကြာကို အဓိကစိုက်ပျိုးရာ၊ အားထားရာဒေသများအဖြစ်
အထူး ဇုန်များသတ်မှတ်၍ အကောင်အထည်ဖော်လျက်ရှိပါသည်။ ဆီထွက်သီးနှံအထူးဇုန်များ
သတ်မှတ် လိုက်ခြင်းက ပြည်တွင်းစားသုံးဆီဖူလုံကာ နိုင်ငံခြားမှ
တင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံခြားသို့ ငွေကြေး စီးဆင်းမှုလျော့ကျရန်လည်း
ရည်ရွယ်ပါသည်။
ဖော်ပြပါ အထူးဇုန်များတွင်
တာဝန်ခံများခန့်အပ်ထားရှိပြီး သီးနှံထုတ်လုပ်မှု လုပ်ငန်းအဆင့် တိုင်းတွင်
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက် စီမံကိန်းအကောင်အထည်ဖော်သည့်
အဖွဲ့များက စိုက်ပျိုးရေးသွင်းအားစုများ (မျိုးစေ့၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး
စက်ပစ္စည်းများ၊ အလုပ်သမား၊ ငွေကြေးအရင်းအနှီး)၊ ဒေသနှင့် သင့်တော်သော စိုက်နည်းစနစ်နှင့်
နည်းပညာများကို အနီးကပ် ကြီးကြပ်ခြင်းဖြင့် ပန်းတိုင်အထွက်
နှုန်းပြည့်မီအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် နေကြသည်။
တန်ဖိုးကြီးနှင့် တန်ဖိုးနည်း အလှမ်းကွာလှ
ဆီနှင့်ပတ်သက်လျှင်
ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိရန်က အဓိကဖြစ်သည်။ ပြည်တွင်းက လုံလောက်သည့်
ဆီပမာဏထွက်ရှိမည်၊ သက်သာသည့်ဈေးနှုန်းဖြင့်လည်း ရောင်းချနိုင်မည်ဆိုလျှင်
ပြည်ပမှဆီတင်သွင်းမှု အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့်
နိုင်ငံခြား စီးဆင်းငွေလည်း လျော့ကျသွားနိုင်မည်ဖြစ်သည်။ သို့သော် ဆီထွက်သီးနှံစိုက်ပျိုးကြသည့်
တောင်သူ အချို့ကိုယ်တိုင်ပင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို လုံလုံလောက်လောက်
စားသုံးနိုင်ခြင်း မရှိသည်မှာ ဝမ်းနည်းစရာဖြစ်သည်။ အကြောင်းမှာ ထွက်ရှိသော
ဆီထွက်သီးနှံများကို တောင်သူက ကုန်သည်ဝယ်လက်ထံ ဈေးကောင်းကောင်းဖြင့် ရောင်းချ၊
ပြည်ပမှတင်သွင်းသည့် တန်ဖိုးနည်း စားအုန်းဆီကို ဝယ်ယူစားသုံး၍ မိသားစုကုန်ကျစရိတ်
(living
cost) သက်သာအောင် ဖြေရှင်းနေ ရသောကြောင့်ဖြစ်သည်။
ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများအနေဖြင့် စားသုံးဆီသန့်ကို ဝယ်ယူ
စားသုံးနိုင်သော်လည်း အခြေခံလူတန်းစားများအတွက်မူ ပြည်တွင်းထွက် မြေပဲဆီ၊
နှမ်းဆီဆိုသည်မှာ အလှမ်းဝေးလွန်းလှသည်။ ဈေးသက်သာသည့် ပြည်ပစားအုန်းဆီများအပေါ်
များစွာမှီခိုနေရသည်က ရေရှည်ကျန်းမာရေးအတွက် စိတ်ချရပါမည်လား
စဉ်းစားချင့်ချိန်ကြရပါမည်။
ဈေးကွက်တွင် ယှဉ်နိုင်စွမ်းနည်း
ပြည်တွင်းထုတ်စားသုံးဆီကို
ပြည်တွင်းကပင် ဝယ်ယူအားပေးမှု နည်းနေသေးသည်ကို တွေ့ရသည်။ အကြောင်းမှာ ပြည်ပမှစားအုန်းဆီသည်
ပြည်တွင်းဈေးကွက်တွင် လွှမ်းမိုးနေခြင်းကြောင့်ဖြစ်သည်။ စားအုန်းဆီအပြင်
ဟင်းသီးဟင်းရွက်ဆီခေါ်သည့် ဆီအမျိုးမျိုးကလည်း မြန်မာ့ဆီဈေးကွက်တွင် အကြီးအကျယ်
နေရာယူထားကြသေးသည်။ တံဆိပ်အမျိုးမျိုးတပ် ပြည်ပစားသုံးဆီများက ပြည်တွင်း ဈေးကွက်တွင်
ပြိုင်ဆိုင်မှုပြင်းထန်စွာ ဝင်ရောက်နေသည်။ ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီ၊
နေကြာဆီများထက် ဈေးကွက်တွင် ပြည်ပမှ တင်သွင်းဆီဈေးနှုန်းက ထက်ဝက်ခန့် သက်သာသည့် အတွက်
ပြည်ပစားအုန်းဆီများကို ဝယ်ယူမှုပိုများနေခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးဆီမှာ
ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဆီဈေးနှုန်းက ပြည်ပဆီဈေးကို မယှဉ်နိုင်ခြင်းကြောင့်
လုပ်ငန်းထိခိုက်မှုများ ကြုံနေကြရသည်ဟုဆိုပါသည်။ ထို့ကြောင့်
ပြည်တွင်းထုတ်စားသုံးဆီများကိုသာ သုံးစွဲရန် တိုက်တွန်းအားပေးပြီး
ပြည်ပစားအုန်းဆီကို အရန်ဆီအနေဖြင့်သာ ထားရှိသင့်ကြောင်း ပြည်သူများကို
အကြံပြုလိုပါသည်။
ပြည်တွင်းဆီ ထုတ်လုပ်မှုလုပ်ငန်း
တွင်ကျယ်မှုမရှိခြင်း၏ အကြောင်းရင်းများအနက် ကုန်ကြမ်း မလုံလောက်ခြင်း၊ နည်းပညာ လိုအပ်ချက်နှင့်
ဈေးကွက်ဖန်တီးမှု အားနည်းချက်များကလည်း အဓိကအကြောင်းရင်းများ ဖြစ်နေကြောင်း တွေ့ရသည်။
ဝင်ငွေနည်းပြည်သူများနှင့် စရိတ်ချွေတာ ချင်သူများက ဈေးနှုန်းသက်သာသည့် စားအုန်းဆီအမျိုးမျိုးကိုသာ
အားထားနေကြဆဲဖြစ်သည်။ ပြည်တွင်းဆီ ဖူလုံအောင်လုပ်ဆောင်ရာတွင် ပြည်သူများ
ပြည်တွင်းထုတ်ကုန်များကို ဈေးနှုန်း သက်သက်သာသာဖြင့် စားသုံးနိုင်အောင်၊ တစ်ဖက်က
ပြည်တွင်းဆီလုပ်ငန်းရှင်များအတွက်လည်း အကျိုးအမြတ်ရှိအောင် သွင်းအားစုများ၊
နည်းပညာ ကူညီထောက်ပံ့မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင်
ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်ရရှိပြီး ခေတ်မီလယ်ယာသုံး စက်ကိရိယာများ
ပိုမိုအသုံးချမှသာ အထွက်နှုန်းတိုး၍ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာမည် ဖြစ်ကာ
အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့် စားသုံးဆီထုတ်ကုန်များကို တိုးတက်ထုတ်လုပ်
နိုင်မည်ဖြစ်သည်။
ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုအောင်မြင်ရေး အားပေးနေမှု
နိုင်ငံတော်အနေဖြင့်
ဆီထွက်သီးနှံစိုက် တောင်သူများကို မြေပဲတစ်ဧကလျှင် ငွေကျပ်သုံးသိန်း၊ နေကြာ တစ်ဧကလျှင်
ငွေကျပ်နှစ်သိန်းနှင့် နှမ်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့်ညီမျှသော
သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ
ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ စားသုံးဆီ ထုတ်လုပ်ရန်အတွက် ၂၀၂၄-၂၀၂၅
ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံ စိုက်ဧက
၈ ဒသမ ၃၉ သန်း လျာထားပြီး စုစုပေါင်း တင်း ၂၄၅ ဒသမ ၁ သန်း ထွက်ရှိရန်
ခန့်မှန်းထားရှိသည်။ တစ်ဖက်တွင်လည်း ထွက်ရှိလာသော ဆီထွက်သီးနှံကုန်ကြမ်းများကို
ကြိတ်ခွဲနိုင်ရေး ၂၀၂၃-၂၀၂၄ ခုနှစ် စာရင်းအရ စက်မှုဝန်ကြီးဌာန၌ မှတ်ပုံတင်ထားသော
ဆီစက်ပေါင်း ၂၂၈၇ လုံးခန့်ရှိသည်။ ထိုဆီစက်များ၏ ကြိတ်ခွဲနိုင်မှုစွမ်းအားသည်
တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းကျော် ရှိသဖြင့် ထိုစက်စွမ်းအားနှင့် ကိုက်ညီမည့်
မြေပဲ၊ နှမ်း၊ နေကြာ စသည့်ကုန်ကြမ်း အရေအတွက် လုံလုံလောက်လောက် စိုက်ပျိုးထုတ်လုပ်ပေးရန်လိုအပ်သည်။
ထို့အပြင် လည်ပတ်နေသည့် ဆီစက်များ အရည်အသွေးကောင်းမွန်ရန်လည်း အရေးကြီးသည်ကို
တွေ့ရသည်။
သီးနှံအထွက်တိုးစေမည့် စိုက်ပျိုးရေးနည်းစနစ်နှင့် ပူးပေါင်းချိတ်ဆက်မှု
ကုန်ကြမ်းထုတ်လုပ်နေသည့်
တောင်သူများတွင် လက်တွေ့ရင်ဆိုင်နေရသည့်ပြဿနာမှာ အချို့ ဒေသများ၌ မိမိတို့စိုက်ပျိုးထွက်ရှိသည့်
သီးနှံများသည် ရာသီဥတုကြောင့်လည်းကောင်း၊ စိုက်ပျိုးရေ
လိုအပ်ချက်ကြောင့်လည်းကောင်း၊ စိုက်ပျိုးသည့် နည်းစနစ်မမှန်ကန်ခြင်းကြောင့်လည်းကောင်း
သီးနှံအရည်အသွေး လျော့ကျမှုပင်ဖြစ်သည်။ အရည်အသွေးလျော့ကျခြင်း၏ နောက်ဆက်တွဲအဖြစ်
မျိုးကောင်း၊ မျိုးသန့်များရရှိရန် ခဲယဉ်းသွားသည်။ နောက်ဆုံးဈေးကွက်တွင်လည်း
ဈေးကောင်းမရ ဖြစ်လာသည်။ တိုးပွားလာသော လူဦးရေနှင့် လုံလောက်စွာ
မထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၅၈ ရာခိုင်နှုန်း
နီးပါးကို နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျ ခံကာ ပြည်ပမှ
တင်သွင်းနေရခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်ကြမ်းရရှိရေးအတွက် စိုက်ပျိုးထုတ်
လုပ်သူကိုယ်တိုင် မိမိစိုက်ပျိုးထားသော ဆီထွက် သီးနှံ၏
ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလေးပေး ဆောင်ရွက်လိုသည့်ခံယူချက်ရှိရန်
လိုအပ်ပါသည်။
စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်
မိမိစိုက်မည့် သီးနှံအတွက် ရာသီဥတု၊ စိုက်ပျိုးချိန်၊ မြေအမျိုး အစား၊
သီးနှံပုံစံ၊ ရိတ်သိမ်းချိန်ကာလတွင် တစ်ဧကသတ်မှတ်အပင်ရေပြည့်မီရေး၊
ပေါင်းမြက်နှင့် ပိုးမွှား ကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သည့်သွင်းအားစု
ထည့်သွင်းနည်းများကို မှန်ကန်စွာထည့်သွင်းခြင်း၊ သီးနှံအလေအလွင့် နည်းစေရန်နှင့်
မှန်ကန်စွာ ရိတ်သိမ်းနိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ၊ စနစ်တကျသန့်စင်ခြွေလှေ့အခြောက်ခံခြင်းနည်းစနစ်များကို
သိရှိလိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ အရည်အသွေးလိုအပ်ချက်ရှိသော
သွင်းအားစုများ၊ လုပ်သားအင်အား အခက်အခဲများ၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်များကြောင့်
သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေးအပေါ် တိုက်ရိုက်သက်ရောက်မှုများ
ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထုတ်ကုန်စွမ်းအားမြင့်
ခေတ်မီနည်းစနစ်များကို ပေါင်းစပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကောင်းများကို
ဖန်တီးပေးရမည် ဖြစ်သည်။
စိုက်ပျိုးရေးဆိုင်ရာ
ပညာရှင်များကလည်း တောင်သူများထံ နည်းပညာများ မျှဝေပေးခြင်းဖြင့်
ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးကို ကောင်းစွာအထောက်အကူပြုပါသည်။ သို့မှသာ
တောင်သူများကိုယ်တိုင် လိုလိုလားလား ပူးပေါင်းပါဝင်နိုင်ကြမည်ဖြစ်သည်။
၎င်းတို့လက်လှမ်းမီသည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ စသည့်သီးနှံစံပြကွက်များ ပြုလုပ်၍
စိုက်ပျိုးခြင်းသည် တောင်သူ လယ်သမားများအတွက် ကြီးမားသည့် အကျိုးအမြတ်ကို
ရရှိစေပါမည်။ ထို့ပြင် ဈေးနှုန်းတည်ငြိမ်ပြီး ကောင်းမွန်ခိုင်မာသောဈေးကွက်
ဖြစ်ပေါ်လာရေးသည်လည်း အရေးကြီးပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး နည်းပညာများနှင့်
ဈေးကွက်သတင်းအချက်အလက်များကို လွယ်လင့်တကူ လက်လှမ်းမီ လေ့လာနေရန်လိုအပ်ပြီး
လူမှုကွန်ရက်စာမျက်နှာများ၊ Mobile Application၊ Website
နှင့် ရုပ်သံ လိုင်းများအသုံးပြု၍
တောင်သူများအတွက် ထိထိရောက်ရောက်အသုံးချနိုင်ပါက ပိုမိုအကျိုးရှိနိုင်ပါသည်။
ဆီထွက်သီးနှံများကို
ကုန်ကြမ်းမှ တန်ဖိုးမြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ပိုမို
ရရှိရေးအတွက် တောင်သူများအနေဖြင့် ကုန်သည်ကြီးများအသင်း၊
လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ချိတ်ဆက်မှု အားကောင်းရန် အရေးကြီးပါသည်။ သို့မှသာစားသုံးဆီထုတ်လုပ်
ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ ဆီစက်များ
အဆင့်မြှင့်တင်ခြင်းနှင့် ကြိတ်ခွဲထွက်ရှိ လာသော ဆီကြိတ်ဖတ်များအား
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးချ ခြင်းများကို
ဆက်စပ်အဖွဲ့အစည်း များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။
အမှန်တကယ်တွင်
စိုက်ပျိုးထုတ်လုပ်မှုဟူသည်မှာ နယ်မြေဒေသတည်ငြိမ်မှု အခြေအနေနှင့်လည်း
သက်ဆိုင်သည်။ ရာသီဥတု၊ လုပ်သားအင်အား၊ နည်းပညာလိုအပ်ချက်များကား မည်သည့် စိုက်ပျိုး
ထုတ်လုပ်မှုတွင်မဆိုလွှမ်းမိုးသော အကြောင်းတရားများပင်ဖြစ်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မျှော်လင့်ချက်ကြီးစွာထားပြီး မဝေးသောအနာဂတ်တွင်
မြန်မာနိုင်ငံ၏ ဆီထွက်ဒေသ၊ ဆီအိုးကြီးများ တစ်ခုထက်မက နှစ်ခု၊ သုံးခုမျှ
ရှိလာလိမ့်မည်ဟု ပြည်သူတစ်ယောက်အနေဖြင့် ယုံကြည်ထားပါသည်။
အဓိက ကြောင်းတရားတစ်ခုဖြစ်သော
လုပ်သားအင်အားရှားပါးမှုမှာ ကဏ္ဍတိုင်းတွင် တွေ့နေရသည့် အတွက် အစားထိုးနိုင်မည့် နည်းပညာ
အသစ်အဆန်းများ၊ နည်းစနစ်သစ်များကို တီထွင်ကြံဆပြီး စဉ်းစား အဖြေရှာနေရမည်ဖြစ်ပါသည်။
သို့ဖြစ်၍ ယခုကဲ့သို့ ဆီထွက်သီးနှံများ ပန်းတိုင် အထွက်နှုန်း ပြည့်မီရေးနှင့်
ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးကို ရည်ရွယ်ရာတွင် အစိုးရ၊ လုပ်ငန်းရှင်များနှင့်
ဆီထွက်သီးနှံစိုက်တောင်သူများ စနစ်တကျဟန်ချက်ညီညီ လက်တွဲပူးပေါင်း၍ ထိထိရောက်ရောက်
ပါဝင်ဆောင်ရွက်နိုင်ရေး အားထည့်ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ရေးသားတင်ပြလိုက်ရပါသည်။
No comments