ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပဉ္စမနေ့တွင် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုလေ့လာ



နေပြည်တော် ဖေဖော်ဝါရီ ၁၂

 

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ယနေ့ ပြပွဲပဉ္စမနေ့တွင် ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှုလေ့လာကြသည်။

 

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်ကြည့်ရှု​လေ့လာကြသည့် ပြည်သူများက MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို စိတ်ဝင်တစား ကြည့်ရှု အားပေးဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာ အစားအသောက်များကိုလည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြ​ကြောင်း သိရသည်။

 

ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/မော်တော် ဆိုင်ကယ်/သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ ပါဝင်ပြသ​လျက်ရှိသည်။

 

ပြခန်းအလိုက် တာဝန်ရှိသူများက စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများအား ပြသ ထားသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံထားအသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည့် အပြင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

 

ယခုအခါပြပွဲသို့ စိတ်ဝင်တစား လာရောက်ကြည့်ရှု​သူများနှင့် ထုတ်ကုန်များ  ဝယ်ယူမှုများပြား နေခြင်းတို့​ကြောင့်လည်း​​ကောင်း၊ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်လျက်ရှိသဖြင့် မိဘပြည်သူများ ဆက်လက် ကြည့်ရှုဝယ်ယူနိုင်​ရေးအတွက်လည်း​ကောင်း ပြပွဲကို တစ်ရက်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဟု  ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

 

ယနေ့ပြပွဲ ပဉ္စမနေ့တွင် လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူ ၆၉၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.