ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၇

 

၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမား မောင်မယ်များအား နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟူသည့် မင်္ဂလာတရားတော်နှင့် အညီကျင်းပသည့် မင်္ဂလာရှိသော အခမ်းအနား ဖြစ်ပါကြောင်း။

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့်အနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြနှစ်ဦး၊ အားကစားသမား အမျိုးသားသုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦးစေလွှတ်ပြီး Event ၁၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ်ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူး ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား ခြောက်ဦးလုံး အနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွင် တစ်ဦးမကျန် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ မလွတ်တမ်း ဆွတ်ခူးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါကြောင်း။

 

အလားတူ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကျွန်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ရက်အထိ ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ကကြီးမှူး ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံအနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြသုံးဦး၊ အားကစားသမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦး စေလွှတ်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ်ငါးခု ဆွတ်ခူးရရှိခဲ့သည် ကို တွေ့ရှိရပါကြောင်း။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈နည်းတွင် အုပ်ချုပ်နည်းပြ၊ အားကစားသမား ၆၉၈ ဦး၊ ပင်မအုပ်ချုပ်မှုအဖွဲ့ ၉၁ ဦး စုစုပေါင်း ၇၈၉ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ရွှေတံဆိပ်သုံးခုအပါဝင် ဆုတံဆိပ် ၇၂ ခုနှင့် နိုင်ငံအလိုက် အဆင့် (၇) ရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်းတွင် အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခုရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့်(၈)သာ ရရှိခဲ့ပါကြောင်း၊ ယခု (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၇)ကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါကြောင်း၊ သို့သော် ဆုတံဆိပ် ရရှိမှုတွင် နည်းလာသည်ကို တွေ့ရသည့်အတွက် လာမည့်ပြိုင်ပွဲများတွင် ယခုထက် အောင်မြင်မှု ရအောင် ပိုမိုကြိုးစား ကြရန် မှာကြားလိုပါကြောင်း။

 

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည့် အားကစားနည်း ၃၈ နည်း အနက် ခြင်းလုံးအားကစားနည်း နှင့် ဘိလိယက်နှင့်စနူကာ အားကစားနည်းနှစ်ခုတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်ခုနစ်ခု ရရှိခဲ့ပါကြောင်း၊ ကျန်အားကစားနည်း ၃၆ ခုအနက် အားကစားနည်း ၁၆ ခုတွင် ငွေတံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၄၁ ခု ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငွေတံဆိပ်ရရှိ ခဲ့ကြသည့် အားကစားနည်းများသည် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေတံဆိပ် မရရှိခဲ့ကြသော်လည်း နိုင်ငံတော်အတွက် အမြင့်ဆုံးအဆင့်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားရကျေနပ်စရာ ကောင်းပါကြောင်း၊ တချို့ပြိုင်ပွဲများတွင် တစ်ဖက် ပြိုင်ဘက်အသင်းနှင့် အစွမ်းအစသိပ်မကွာဘဲ တန်းတူယှဉ်ပြိုင်နိုင်သော်လည်း အနိုင်မရရှိခဲ့ခြင်းသည် မည်သည့်အတွက်ကြောင့်ဆိုသည့် အားနည်းချက်ကိုရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားကြမည် ဆိုပါက ယခုထက် အောင်မြင်မှုများ ပိုရနိုင်လိမ့်မည်ဟု သုံးသပ်မိပါကြောင်း။

 

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၁ ခု၊ အားကစားသမား ၉၇ ဦး၊ အုပ်ချုပ်နည်းပြ ၄၇ ဦး၊ဒိုင်လူကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၁၄၅ ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၀ စုစုပေါင်းဆုတံဆိပ် ၅၉ ခု ရရှိပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့်(၆)ဖြင့် အောင်မြင်မှုရရှိ ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပခဲ့သည့် (၁၂)ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၁၅ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၅၇ ခုရရှိပြီး နိုင်ငံ အလိုက် အဆင့် (၆) ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ယခင်အကြိမ်ကထက် ရွှေတံဆိပ်ငါးခု ပိုမိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆုတံဆိပ်အရေအတွက်နှစ်ခု ပိုမိုဆွတ်ခူးရရှိခဲ့သည်ကိုလည်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကြိုးစားယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်ကာလအတွင်း ရွှေတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၃၀၀၊ ငွေတံဆိပ် တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၂၀၀၊ ကြေးတံဆိပ် တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၁၀၀ ချက်ချင်း ချီးမြှင့်ခဲ့ပါကြောင်း။

 

ယင်းပြိုင်ပွဲ မှတ်တမ်းများအရ မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြသူများဖြစ်သည်ဟု မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်တစ်ခုတည်းကပဲ အားကစားနည်း ၁၁ နည်းကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီမံဆောင်ရွက်ရာတွင် ပြိုင်ပွဲတိုင်း မျှော်မှန်း ဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် အဆင့်(၆) ရရှိခြင်းသည် အားကစားတိုးတက်ရန် အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါသည်ဆိုသည်မှာ သိသာထင်ရှားပါကြောင်း။

 

မသန်စွမ်း အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း ၁၁ နည်းအနက် ပြေးခုန်ပစ်၊ ရေကူးနှင့်ဘော်လီဘော အားကစားနည်းတို့က ရွှေတံဆိပ် ၂၀၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး အားကစားနည်းတို့က ငွေတံဆိပ် ၁၉ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ အလေးမနှင့် ဂိုးလ်ဘော အားကစားနည်းတို့က ကြေးတံဆိပ် ၂၀ ရရှိခဲ့ပါကြောင်း၊ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်ကရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များသည် အိုလံပစ် အားကစားနည်းများ ဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော စသည့်အားကစားနည်းများ ဖြစ်သည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် နောက်ထပ်အဆင့်တစ်ခု တိုးတက်ရန်အတွက် ရေကူး၊ ပြေးခုန်ပစ် ကဲ့သို့ အိုလံပစ်အားကစားနည်းများကို မဖြစ်မနေပြန်လည်ဦးမော့အောင် အလေးထား ကြိုးစား ဆောင်ရွက်ကြရန် သက်ဆိုင်သူများအားလုံး ကို တိုက်တွန်းမှာကြားလိုကြောင်း။

 

ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာ အလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင် ကြိုးပမ်းခဲ့သူများလည်းဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင် ဖြစ်ကြောင်း။

 

ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၃၄) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီ ဆုတံဆိပ်များရရှိရန် ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြရန် မှာကြားလိုပါကြောင်း၊ ထိုသို့ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့် ရွှေတံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့် အားကစားနည်းများကို ခွဲခြားပြီး စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်ရန်နှင့် ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းများကို သေချာစွာခွဲခြားသိမြင်ပြီး နိုင်ငံတော်က ဖြည့်ဆည်း တာဝန်ယူဆောင်ရွက်ပေးရမည့် အပိုင်းကိုလည်း အချိန်မီတင်ပြသွားကြရန် လိုအပ်ကြောင်း။

 

ထို့ပြင် ပြည်တွင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လူငယ်မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး၊ နည်းပြများ၊ ဒိုင်၊ ဂျူရီများကို ခေတ်နှင့်အညီ Update ဖြစ်သည့် သင်တန်းများ တက်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များကလည်း အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာအားကစား အဖွဲ့အစည်းများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝင်ဆံ့နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

 

ယနေ့ခေတ်သည် သိပ္ပံခေတ်၊ AI ခေတ်ဖြစ်သည်နှင့်အညီ Sport ScientistSport NutritionistSport Psychologist စသည့် ပညာရှင်များအပါအဝင် အားကစားသုတေသီများ ပေါ်ထွက်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြည်တွင်း နည်းပြများကို မိမိတို့၏ မိတ်ဖက်နိုင်ငံများတွင် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အပြန်အလှန် စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

နောင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အားကစား ပြိုင်ပွဲများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စား ရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည် အထိ လေ့ကျင့်ယှဉ် ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 

ထို့နောက် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမား မောင်မယ်များအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆုရရှိခဲ့ကြသည့် မမေဟန်နီအောင်လွင်နှင့် မနှင်းသက်ဝေ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲ၊ Men Bodybuilding 75 kg ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ဆုရရှိခဲ့သည့် မောင်ရဲထွန်းနောင်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးအားကစားနည်း အမျိုးသားအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆုရရှိခဲ့သည့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆုရရှိခဲ့သည့် အမျိုးသမီးအသင်း၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းတွင် ဘိလိယက်အမျိုးသားအသင်းလိုက် ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ဆုရရှိခဲ့သည့် ဘိလိယက် အမျိုးသား အသင်း၊ (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ရေကူး အားကစားနည်းတွင် မီတာ ၂၀၀ အလွတ်ကူး၊ မီတာ ၅၀ ရင်ပေါင်တန်းကူး၊ မီတာ ၅၀ အလွတ်ကူး၊ မီတာ ၁၀၀ အလွတ် ကူးပြိုင်ပွဲလေးမျိုးလုံး၌ ရွှေတံဆိပ် လေးဆုရရှိသည့် မောင်ညီညီ လင်းထက်၊ မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆုနှင့် မီတာ ၅၀ ရင်ပေါင် တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ဆုရရှိခဲ့သည့် မောင်နန္ဒစိုးမင်း၊ အလွတ်ကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ဆုနှင့် ငွေတံဆိပ်တစ်ဆုရရှိခဲ့သည့် ဒုတိယတပ်ကြပ် စိုးဝင်း၊ ရင်ပေါင်တန်းကူးပြိုင်ပွဲများတွင် ရွှေတံဆိပ် တစ်ဆုနှင့် ငွေတံဆိပ်တစ်ဆုရရှိခဲ့သည့် မောင်မင်းထူး၊ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆု နှင့် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင်ကြေးတံဆိပ်နှစ်ဆုရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊ ပြေးခုန်ပစ်အားကစားနည်းတွင် သံလုံးပစ်နှင့် လှံတံပစ်ပြိုင်ပွဲတို့၌ ရွှေတံဆိပ် နှစ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် တင်ညို၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ဆုရရှိခဲ့သည့် မောင်အောင်မြင့်ဌေး၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆု၊ ငွေတံဆိပ်တစ်ဆု ရရှိသည့် တပ်ကြပ်ကြီး စိုးပေ၊ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် နှစ်ခုရရှိခဲ့သည့် မထက်ထက်အေး၊ သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခုရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခုရရှိသည့် ဒုတပ်ကြပ်(ငြိမ်း) စိုးသန်း၊ အလျားခုန်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည့် မနန်းစန်းရတနာထွန်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုရရှိခဲ့သည့် မစိန်ဖော့၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် မောင်စည်သူထက်၊ ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွတွင် ငွေတံဆိပ် ငါးဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည့် မဇူးဇူးသန့်၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် မောင်ချမ်းမြေ့ထွန်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် ငွေ တံဆိပ်တစ်ခု ရရှိခဲ့သည့် ဦးပေါက်စ၊ ကနူး/ကယက်လှေ အားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ် နှစ်ဆု ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ်တစ်ဆုရရှိခဲ့သည့် မောင်မျိုးလှိုင်ဝင်းနှင့် ကြေးတံဆိပ် တစ်ဆုရရှိခဲ့သည့် မပိုပိုအောင်၊ ပိုက်ကျော်ခြင်း အားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ် နှစ်ဆု ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ် တစ်ဆုရရှိခဲ့သည့် လေးယောက်တွဲ (အမျိုးသား အသင်း)၊ အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်းတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ဝေယံမိုး၊ ကြေးတံဆိပ် တစ်ဆုရရှိခဲ့သည့် မနီလာဝင်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

 

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား (၁၆) ကြိမ်မြောက် ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ရဲထွန်းနောင် က ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက် ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သူများအား ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့ သူများအား ကျပ်သိန်း ၂၀၀၊ ကြေး တံဆိပ်ရရှိခဲ့သူများအား ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်း သားတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း ၇၀၊ ကြေးတံဆိပ် ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများအား မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ် သိန်း ၃၀ စီနှင့် အားကစားနည်း အလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါ က ကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီ ချီးမြှင့် ပေးလျက်ရှိပြီး ယနေ့ကျင်းပ ပြုလုပ်သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် ၂၆ ဆု၊ ငွေတံဆိပ် ၄၇ ဆု၊ ကြေးတံဆိပ် ၇၇ ဆု စုစုပေါင်း ဆုတံဆိပ် ၁၅၀ ရရှိခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ပြိုင်ပွဲ များတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့တို့အတွက် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေမှာ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၃၆၆၉၀ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်









No comments

Powered by Blogger.