၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

  

နေပြည်တော် ဖေဖော်ဝါရီ ၇

 

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဒစ်ဂျစ်တယ် စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များ က “မြန်မာ့ မြန်မာ့ ရုပ်ရှင်” တေးသီချင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက “ရွှေစင်ရုပ်တု အနုဂုဏ်ရောင်” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “ပိုမိုတောက်ပမယ့် မနက်ဖြန်များ” မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၂၀ ပြည့်နှစ်ကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း (၁၀၆) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကုန်လွန်ခဲ့သည့် ရာစုနှစ်လွန်ကာလများကို မြန်မာ့ရုပ်ရှင်အနေဖြင့် ခေတ်စနစ်အမျိုးမျိုးကြားတွင် နိုင်ငံတော်၏ အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများ၊ ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှု ဘဝများကို အနုပညာဖြင့်ထင်ဟပ်ဖော်ပြနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန် ကျေခဲ့ပြီဟု ပြောနိုင်မည်ဖြစ်ကြောင်း။


 

ရုပ်ရှင်အနုပညာသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခြေခံ အင်အားတစ်ရပ်ပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူများ၏ အတွေးအခေါ်ပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် တန်ဖိုးထားမှုများကို ထင်ဟပ်ဖော်ပြနိုင်သည့် အနုပညာဖြစ်သည့်အတွက် ရုပ်ရှင်အနုပညာ ကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍ မပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် ပြီးပြည့်စုံမှုမရှိဘူးဟု ဆိုနိုင်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ကွယ်တွင် စောင့်ထိန်းအပ်သည့် စရိုက်လက္ခဏာများ ပျက်စီးခြင်း၊ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင် အမှတ်သရုပ်လက္ခဏာများ ပျောက်ဆုံးခြင်း၊ အတုယူမှားခြင်းများ ကြုံတွေ့လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

 

မြန်မာ့ရုပ်ရှင်သည် မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များကို ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်သည့် ဘာသာစကား တစ်ခုဖြစ်ပြီး လူမျိုးတို့၏ ဘာသာစကားများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လူနေမှုဘဝများကို ကမ္ဘာသို့ထုတ်ပြနိုင်သည့် မီဒီယာတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်အနုပညာသည် နိုင်ငံတည်ဆောက်ရေးအတွက် အင်အားတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စိတ်ဝိညာဉ်လည်း ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

 

နိုင်ငံတစ်ခု လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်း ပြယုဂ်ကို လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားမှုများက တစ်ဆင့်ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့၏ဘာသာအယူဝါဒများ၊ ဓလေ့ထုံးစံများ၏ အဆုံးအမနှင့် လမ်းညွှန်မှုများ၊ ကိုယ်အမူအရာများ၊ စိတ်နေစိတ်ထားသိမ်မွေ့မှုများ၊ စာနာထောက်ထားမှုများ၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများ ထူထောင်ပေးမှုများ၊ ခေတ်ကာလ အလျောက် ထွန်းကားလာသည့် ယဉ်ကျေးမှုအနုပညာများအပေါ် ခံစားနားလည်မှုများ၊ မြတ်နိုး တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်မှုများ ရှိလာနေသည်ကို တွေ့မြင်နိုင်ကြမည် ဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဆိုသည့် နယ်ပယ်နှစ်ခုဖြင့် မိမိတို့ခွဲခြားသိမြင်ထားကြကြောင်း၊ လူမျိုးတစ်မျိုး၏ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ် ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်များ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများ ပေါင်းခြုံထားသည့် ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုဟု ခေါ်ဆိုကြပြီး လူမျိုးတစ်မျိုး၏ ပြုလုပ် သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့် ပစ္စည်းအားလုံးကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟု ခေါ်ဆိုကြ ကြောင်း။

 

မိမိတို့ မြန်မာနိုင်ငံတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များကဲ့သို့ ထူးခြားလေးနက်သည့် ဝိသေသနှင့် အဓိပ္ပာယ်များရှိနေကြောင်း၊ ရုပ်ရှင်လောကသားအားလုံးသည် ရှေးရှေးဘိုးဘွားဘီဘင်တို့ ထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်သစ် သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်း သယ်ဆောင်ပေးနိုင်စွမ်းရှိကြသည့် အနုပညာရှင်များဖြစ်ကြကြောင်း၊ ထို့ကြောင့် ကျွန်တော်တို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အားလုံးကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းကာကွယ်ပြီး တန်ဖိုးထားလုပ်ဆောင်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

 

ယခုအချိန်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မကြာမီအုပ်ချုပ်ရေး ကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်းများ ပြန်လည်ပေါ်ပေါက်လာတော့ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အနုပညာရှင်များနှင့် တိုင်းရင်းသား ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း။

 

ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း ယင်းဒီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များကို “ဒီမိုကရက်တိုင်ဇေးရှင်း” ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီး အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်း ပြီးပြီးရော ပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ ယင်းအဆင့်ကို ရောက်ရန်ဆိုပါက မိမိတို့လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါကြောင်း၊ လက်တွေ့မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍လည်း မဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တိုင်ဇေးရှင်း အခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွား အနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံများနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင် ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်းပုံစံများ မျိုးစုံရှိကြသော်လည်း မိမိတို့မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြုစတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ ဖွံ့ဖြိုးမှုများအပေါ် အခြေခံစဉ်းစား ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition) ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှု ဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီး တစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူ အားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း။

 

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး၏ မျက်မှောက်အခြေ အနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေး တာဝန်များပင် ဖြစ်ပါကြောင်း။

 

ယနေ့အချိန်တွင် နိုင်ငံတော် အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူတည်ထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသား အားလုံးက တစ်သွေးတစ်သားတည်းသော စည်းလုံးညီညွတ်သည့် အမျိုးသားရေး စိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ပေးကြရန်လည်း ထပ်မံတိုက်တွန်းပြောကြားလိုပါကြောင်း။

 

မကြာမီအချိန်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိကြသူများကို ဖွင့်ဖောက် ကြေညာပြီး ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၇၂ ကား ရုံတင်ပြသနိုင်ခဲ့ပြီး ယင်းဇာတ်ကားများအနက်မှ ထူးချွန်သည့်အနုပညာရှင်၊ အတတ်ပညာ ရှင်များကို အဆင့်ဆင့်စိစစ်အကဲဖြတ်ကာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာ ရုပ်ရှင်ဇာတ်ကားများကို ယခင်နှစ်များထက် ပိုမိုရုံတင်ပြသနိုင်ခဲ့ခြင်းသည် ရုပ်ရှင်လောက ပုံမှန် ပြန်လည် သက်ဝင်လှုပ်ရှားနိုင်ခဲ့ကြောင်း ပြသခြင်းဖြစ်သည့်အတွက် ရုပ်ရှင်အစည်းအရုံးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အနုပညာရှင်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

 

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်း ပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည် တိုက်တွန်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် နယ်ပယ်ကဏ္ဍ အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အားပေး ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ဆက်လက်၍လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရုပ်ရှင်အနုပညာရှင်များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှ အပများကိုဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန် မှာကြားလိုကြောင်း၊ အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြရန် ထပ်လောင်းတိုက်တွန်း ပြောကြားလိုပါကြောင်း။

 

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဖွဲ့စည်းထားရှိသည့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များက ရွေးချယ်ပေးကြသည့်ဆုများကို မကြာမီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင် တိုးတက်စေရန်အတွက် အင်အားများပိုမိုရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ် ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

 

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကို မြှင့်တင်ပြီး ထူးချွန်ဆုများဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြု တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပြီး အရိုးပေါ် အရွက်မဖုံးစေရန်၊ ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျော ညီထွေစွာ လိုက်ပါလျက် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့ တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


 

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကား ပြောကြားသည်။

 

ထို့နောက် အခမ်းအနားမှူးက ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြို မောင်/မယ်များအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။

 

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၅ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများအား ဖွင့်ဖောက်ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင် လောကသား အားလုံးက လှိုက်လှဲ ဂုဏ်ယူစွာချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ရရှိကြသော ဦးဌေးအောင် (ဆွေဗမာ)၊ သရုပ်ဆောင်ဒေါ်ခင်လေးဆွေနှင့် ဒါရိုက်တာအကယ်ဒမီ ဦးကြည်စိုးထွန်း တို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။


 

ထို့နောက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက် ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို နှင်းပွင့်စေရာ” ဇာတ်ကားဖြင့် သားကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်” ဇာတ်ကားဖြင့် ဟန်ထူးဇင်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို “နတ်ဝင်သည်” ဇာတ်ကားဖြင့် ကိုဂျိုး၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို “မြို့ပြထဲက လမ်းမ” ဇာတ်ကားဖြင့် အကယ်ဒမီ ခွန်၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို “မောင့်မိဖုရား” ဇာတ်ကားဖြင့် သီလံ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” ဇာတ်ကားဖြင့် Hein Film Production တို့က ရရှိကြသည်။


 

ဆက်လက်၍ ထူးချွန်ဆုရရှိကြသူများအား ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများက ကျေးဇူးတင် စကားပြောကြားကြသည်။

 

ထို့နောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာ ကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့်ရာ  အကောင်းဆုံး အမျိုးသားဝတ်စား ဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ နေတိုး ၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု ဆုကို အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံး အမျိုးသားဝတ်စား ဆင်ယင်မှုဆုကို ကောင်းမြတ်စံ၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့က ရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ် ချီးမြှင့်သည်။

 

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက် ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ဗြောသံ” ဇာတ်ကားဖြင့် အကယ်ဒမီဩရသ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မောင့်မိဖုရား”ဇာတ်ကားဖြင့် ခိုင်နှင်းဝေ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့် နေမျိုးအောင်၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “မောင့်မိဖုရား”ဇာတ်ကားဖြင့် ရတနာဗို၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “မြေစာ” ဇာတ်ကားဖြင့် အကယ်ဒမီ မြင့်မြတ်တို့က ရရှိကြသည်။

 

ပေးအပ်ချီးမြှင့်

ဆက်လက်၍ ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝါရင့် အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများ က ကျေးဇူးတင်စကား ပြောကြားကြသည်။

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အက အလှများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြသည်။


 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတို့သည် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် အနုပညာရှင်များ ကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။


 

၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၆) နှစ်သို့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားရေးကို ရှေးရှု၍ ၁၉၅၂ ခုနှစ်ကစတင်ပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန် ထက်မြက်သည့် အနုပညာရှင် အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် (၇၄) နှစ်အတွင်းတွင် (၆၇) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်











No comments

Powered by Blogger.