ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မည့် ရန်ကုန်မြို့တော်အထင်ကရပြယုဂ် (ကြေးမုံ)
နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်၊
ရည်မှန်းချက်များထားရှိပြီး မပြတ်သောသတိ၊ မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်
ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏အနာဂတ် ငြိမ်းချမ်းစေရန်၊
နိုင်ငံသူနိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရက
ကောင်းမွန်သည့်ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်ပေးလျက်ရှိရာ
တိုင်းရင်းသားပြည်သူများ အပြန်အလှန်ကူးလူးဆက်သွယ် သွားလာ နိုင်ပြီး
ချစ်ကြည်ရင်းနှီးမှုများ ပိုမိုဖြစ်ထွန်းစေမည့် လမ်းပန်းဆက်သွယ်ရေး
လုံခြုံချောမွေ့ ပိုမိုကောင်းမွန်စေမည့် လမ်း၊ တံတားများကို
တည်ဆောက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင်
လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးအချက်အချာဖြစ်သည့် ရန်ကုန်မြို့တော်ကြီး
အဆင့်အတန်း မြင့်မားရေးနှင့် ဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့ပြီး
အဆင့်မြှင့်တင်ရေးအတွက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို ဖေဖော်ဝါရီ ၆
ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။
တိုင်းရင်းသားပြည်သူများ အထူးသဖြင့် ရန်ကုန်မြို့နေပြည်သူများ နှစ်ရှည်လများ
မျှော်လင့်စောင့်စား အားခဲလာကြသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီး
အကောင်အထည်ပေါ် သက်ဝင်လှုပ်ရှားပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ တံတားကြီးကို
ဖွင့်လှစ်ပေးပြီးသည်နှင့် ရန်ကုန်မြို့နေပြည်သူများက တံတားကြီးပေါ်သို့
ဝမ်းမြောက်ဝမ်းသာ ဖြတ်သန်းကြည့်ရှုပြီး မကြုံဖူးသည့်မြင်ကွင်းများကို ရင်သပ် ရှုမောဖွယ်
ခံစားကြည့်ရှုခဲ့ကြသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး
(ဒလ) တံတားကြီး အောင်မြင်စွာ ပေါ်ထွက်လာရေးအတွက် အစိုးရ အဆက်ဆက်ကာလအတွင်း
ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်
မျက်ခြည်မပြတ် တွဲဆက်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ခေါင်းဆောင်များနှင့် အင်ဂျင်နီယာ
စွမ်းပကားများကို ဂုဏ်ပြုချီးကျူး အသိအမှတ်ပြုရမည်ဖြစ်သည်။ တံတားကြီးကို ၂၀၁၂
ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံသို့
ချစ်ကြည်ရေးခရီး သွားရောက်ချိန်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားစီမံကိန်းတစ်ခု
ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ဇွန်လ
၁၉ ရက်နေ့တွင် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံပြီး ကိုရီးယားသမ္မတနိုင်ငံ၏ ချေးငွေဖြင့်
ရန်ကုန်မြစ်ပေါ်တွင် မြစ်ကူးတံတားကြီးတစ်စင်း တည်ဆောက်နိုင်ရန်
ညှိနှိုင်းဆွေးနွေးအတည်ပြု နိုင်ခဲ့သည်။
တံတားစီမံကိန်း
ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ်
ဧပြီလအတွင်း စတင်ဆောင်ရွက်ခဲ့သည်။ တံတားပုံစံ ထုတ်လုပ်ရာတွင် အသုံးပြုသည့်
စံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏လမ်းများနှင့် ယာဉ်သွားယာဉ်လာအခြေအနေများ၊
ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့်
သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
တံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင်
စတင်ဆောင်ရွက်ခဲ့ပြီး ပင်မတံတားကြီး၏ လျှောစောက် ၅ ဒသမ ၉၅ ရာခိုင်နှုန်း ရှိပြီး
တံတားအရှည် ၆၁၂၇ ပေ၊ တံတားအကျယ် စုစုပေါင်း ၇၉ ပေ၊ ယာဉ်သွားလမ်း လေးလမ်းနှင့်
ခြောက်ပေ ခြောက်လက်မ အကျယ် လူသွားလမ်းနှစ်ဖက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်
ယာဉ်တစ်စီးချင်းအလိုက် ၇၅ တန်ဖြစ်သည်။ တံတားဘေး တစ်ဖက်စီတွင် ရန်ကုန်မြို့မှ
ဒလမြို့သို့ ရေပေးဝေနိုင်မည့် ရေပိုက်သွယ်တန်းတပ်ဆင်ထားသည်။
တံတားတည်ဆောက်ရေးကာလအတွင်း
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် နှောင့်နှေး တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို
လက်ရှိနိုင်ငံတော် အစိုးရအနေဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းများ
ပြီးစီးနိုင်ရန်အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေများကို
ဖြည့်တင်းပေးနိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခံ့ညားထည်ဝါစွာ တည်ဆောက်ပြီးစီး
ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား
တည်ဆောက်ပြီးစီး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ရန်ကုန်မြို့မှနေ၍ ဒလ၊ တွံတေး၊
ကော့မှူး၊ ကွမ်းခြံကုန်းမြို့များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ
မြို့များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်။ ဒလမြို့သည်
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးကို ဆက်သွယ်ထားသည့်
ဝင်ပေါက်မြို့ဖြစ်လာပြီး ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
ရန်ကုန်မြို့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော်လည်း ရန်ကုန်တစ်ဖက်ကမ်း
ဒလမြို့နှင့် ဆက်စပ်မြို့နယ်များသည် ဖွံ့ဖြိုးတိုးတက်မှုကွာဟနေရာမှ အနာဂတ်တွင်
ရန်ကုန်မြို့နှင့်အတူ တစ်ဆက်တစ်စပ်တည်း ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးကို တည်ဆောက် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သောကြောင့်
ဒေသအတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်
သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့တော်၏
အထင်ကရ ပြယုဂ်အမှတ်အသား တံတားကြီးကို ဂုဏ်ယူဝင့်ကြွားဖွယ် တွေ့မြင်ကြရပြီဖြစ်ပါကြောင်း။
No comments