နှီးနှောဖလှယ်ပွဲမှ ပြည်တွင်းဖြစ်နည်းပညာတီထွင်မှုများကို အသိအမှတ်ပြုဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ်စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရရှိစေမည်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ် စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဒစ်ဂျစ်တယ်မြန်မာ နည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနား ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် Digital Transformation ဟု ခေါ်သည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ခေတ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒစ်ဂျစ်တယ်မြန်မာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ကျင်းပရသည့်ရည်ရွယ်ချက်များမှာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာ မြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှု စွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှု ဖန်တီးရန်နှင့် နည်းပညာ ဂေဟစနစ်တစ်ခု တည်ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ရတနာပုံမြို့သစ်တွင် ကျင်းပခြင်းဖြစ်ကြောင်း။

 

ရတနာပုံမြို့သစ်ကို တစ်နည်းအားဖြင့် ရတနာပုံဆိုက်ဘာစီးတီး၊ မြန်မာနိုင်ငံ၏ Silicon Valley ဟု လူသိများကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသတစ်ခုအဖြစ် ရည်ရွယ်ကာ ၂၀၀၆ ခုနှစ် ဇွန်လ၌ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာရှင်များအတွက် သုတေသနနှင့် တီထွင်ဖန်တီးမှုများ ပြုလုပ်နိုင်မည့် အချက်အချာနေရာတစ်ခု ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက် သုံးခုဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း။

 

ရတနာပုံမြို့သစ်တွင် မြန်မာနိုင်ငံ၏ အဓိက အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ကြောင်း၊ အိုင်တီလုပ်ငန်းသစ် (Startups)များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ၊ Incubation Center များ၊ Education Zone ဖြစ်သည့် နည်းပညာတက္ကသိုလ်များနှင့် လေ့ကျင့်ရေး သင်တန်းကျောင်းများ ထည့်သွင်းရန်လျာထားခဲ့ကြောင်း၊ နည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် High-Tech Zone အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမည့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း။

 

ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် လိုအပ်ချက်များကို အကောင်အထည်ဖော် အဆင့်မြှင့်တင်ပေးရမည်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်၊ အဓိကအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း။

 

ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီ ဥတုအကြားတွင် တည်ရှိသောကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် အနားယူ အပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့ အနီးတစ်ဝိုက်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော်ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ တည်နေရာ အနေအထားအရ အခြေခံကောင်းများ ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလးမြို့အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များမှ လူ့စွမ်းအား အရင်းအမြစ်များကို Intership အလုပ်သင်အနေဖြင့် သုတေသန ပြုလုပ်ရယူ အသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်သည့် အားသာချက်တစ်ခုအနေဖြင့် ရှိနေသည်ကို တွေ့ရကြောင်း။

 

မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း (Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် ဂေဟစနစ်(Trusted Digital Ecosystem)၊ ဆန်းသစ်တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း။

 

ထိုကဲ့သို့ အကောင်အထည် ဖော်ဆောင်သည့်နေရာ၌ မြို့ပြနှင့် ကျေးလက်ဒေသအားလုံး လူတိုင်း လက်လှမ်းမီနိုင်သည့် လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာသည့် အင်တာနက်ချိတ်ဆက်မှုရရှိရန်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အလွယ်တကူအသုံး ပြုနိုင်စေရန်၊ ဆိုက်ဘာလုံခြုံရေးကိုမြှင့်တင်ပြီး ဒေသတွင်း ဆိုက်ဘာတိုက်ခိုက်မှုများကို စုပေါင်းကာကွယ်ရန်၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းပြီး သုံးစွဲသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ထို့အပြင် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာဆောင်ရွက်နိုင်ရန်၊ Artificial Intelligence(AI) ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် AI ဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရန်၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက် သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း နည်းပညာအသုံးချမှုကို တိုးမြှင့်ပေးရန်၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် စသည်တို့ကိုလည်း အကောင်အထည်ဖော်သွား ကြရန်လိုကြောင်း။

 

၂၀၂၆ ခုနှစ်တွင် ဉာဏ်ရည်တု နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသောကြောင့်  အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာ (Responsible AI)ကို အထူးအလေးပေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ အာဆီယံနိုင်ငံ အချင်းချင်း AI ဆိုင်ရာ ကျင့်ဝတ်စံနှုန်း(Ethical Guidelines)များကို ညှိနှိုင်းပြီး ဘေးကင်းသည့် AI အသုံးချမှုကို ဖော်ဆောင်နေသည်ကို တွေ့ရကြောင်း၊ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာ သည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာကြောင်း၊ ယင်းကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများကြားတွင် သတင်းအချက်အလက်မျှဝေခြင်း ကွန်ရက်ကို အရင်ကထက် ပိုမိုခိုင်မာအောင်တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း။

 

ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း ပြည်ပ နည်းပညာ ကုမ္ပဏီများ၏ ခေတ်မီနည်းပညာသစ်များကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရပြီး နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခွင့်ရနိုင်မည့် ယခုပွဲကို ကျင်းပနိုင်သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း။

 

ယခု နည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတစ်ဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်မည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ ယခုနည်းပညာပြပွဲတွင် ပြသထားသည့် ကျောင်းသားလူငယ်များ၏ Project များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်များဖြစ်လာရန် မျှော်လင့်ပါကြောင်း။

 

ယခုကဲ့သို့ ကျင်းပရာတွင် နည်းပညာ ပြပွဲတင်မကဘဲ နည်းပညာ နှီးနှောဖလှယ်ဆွေးနွေးပွဲများကိုပါ ထည့်သွင်းထားသည်ကို တွေ့ရကြောင်း၊ ယခုဆွေးနွေးပွဲများမှတစ်ဆင့် ဉာဏ်ရည်တု နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံနှင့် ဆန်းသစ်တီထွင်မှုစသည့် ခေါင်းစဉ်များကို ကျွမ်းကျင်သူများက နှီးနှောဖလှယ်သွားကြမည်ဟု သိရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်နှင့် ပညာရေးတွင် အသုံးချနိုင်မည့် အတွေ့အကြုံသစ်များ ရရှိသွားမည်ဟု မျှော်လင့်ကြောင်း။

 

ထို့အပြင် ယခုနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင် ကျောင်းသား လူငယ်များအကြား အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြုဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ် စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာ စက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိစေမည် ဖြစ်ကြောင်း။

 

ယခုနည်းပညာပြပွဲနှင့် ဆွေးနွေး ဟောပြောပွဲများမှ နိုင်ငံတော်၏ IT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရတနာပုံမြို့သစ် စီမံကိန်းတွင် ဆိုက်ဘာနည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရေးနှင့် ဉာဏ်ရည်တု နည်းပညာ၊ ဂြိုဟ်တုနည်းပညာများကိုလည်း ဖွံ့ဖြိုးတိုးတက်စေ ရေးတို့အတွက် အကျိုးရှိမည့် ရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ရတနာပုံမြို့သစ်စီမံကိန်း ဧရိယာအတွင်း အီလက်ထရောနစ်ဆိုင်ရာ ပစ္စည်းများ အဓိကထုတ်လုပ်နိုင်ရေးနှင့် နည်းပညာတက္ကသိုလ်များ ချိတ်ဆက်ပြီး လူ့စွမ်းအားအရင်း အမြစ်များ တိုးတက်လာစေရေးတို့အတွက် လမ်းပြမြေပုံတစ်ခု၊ မဟာဗျူဟာတစ်ခု ချမှတ်နိုင်ရေး အထောက်အကူပြုစေရန် မျှော်လင့်ပါကြောင်း။

 

ထိုကဲ့သို့ မဟာဗျူဟာများရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ရေရှည်စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လက်တွေ့ကျကျ လေ့လာ သုံးသပ်ကြရန် လိုအပ်ကြောင်း၊ ဘက်ပေါင်းစုံမှ စဉ်းစားပြီး အားနည်းချက်မရှိသည့်၊ ပြည့်စုံမှန်ကန်သည့် လုပ်ငန်းမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ရေရှည်အကျိုးရှိစေပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် စီမံကိန်းလုပ်ငန်းစဉ်များ ဖြစ်စေရန် အရေးကြီးကြောင်း၊ နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လိုက်ပါလာသည့် လုံခြုံရေး ကျိုးပေါက်နိုင်မှု၊ အမျိုးသား ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ထိခိုက်နိုင်မှု၊ ကျင့်ဝတ်သိက္ခာဆိုင်ရာများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှု စသည့်ခြိမ်းခြောက်မှု အန္တရာယ်များနှင့် ဆိုးကျိုးများကိုလည်း ထည့်သွင်းစဉ်းစားသွားရ မည်ဖြစ်ကြောင်း။

 

ဒစ်ဂျစ်တယ် နည်းပညာနယ်ပယ် တစ်နည်းအားဖြင့် ဆိုက်ဘာနယ်ပယ်သည် နယ်နိမိတ် ကန့်သတ်ပိုင်းခြားရန် ခက်ခဲပါကြောင်း၊ ကမ္ဘာတွင် လူပြောများလာသည့် ဆိုက်ဘာနယ်နိမိတ် အချုပ်အခြာအာဏာ (Cyber-space Sovereignty)ကိုလည်း ထည့်သွင်း စဉ်းစားကြရမည် ဖြစ်ကြောင်း။

 

ကမ္ဘာတွင် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါလာသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုချိုးဖောက်ခြင်းများ၊ ဘက်လိုက်မှုကိစ္စရပ်များမှတစ်ဆင့် နိုင်ငံလုံခြုံရေးအထိ ခြိမ်းခြောက်နိုင်ခြင်းတို့သည် ထိပ်တန်းစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ယင်းတို့ကို ကာကွယ်နိုင်ရန် နည်းပညာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နည်းပညာ တိုးတက်မှုနောက်မှ ပြဋ္ဌာန်းချမှတ်ပေးနေကြရသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ထိန်းကျောင်းကြီးကြပ်နိုင်ရန် လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဟန်ချက်ညီညီ ရေးဆွဲချမှတ် ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် အရေးကြီးသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။

 

နည်းပညာသည် အနာဂတ်ကို ပုံဖော်သူဟူသည့် စကားနှင့်အညီ ယခုပွဲမှ ရရှိလာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ခုဖြစ်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကြီးမှတစ်ဆင့် နိုင်ငံအတွက် အကျိုးရှိသည့် သုံးသပ်ဖော်ထုတ်ချက်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ကြည့်ရှု

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ဒစ်ဂျစ်တယ် မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ဒစ်ဂျစ်တယ်မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနား အထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒစ်ဂျစ်တယ် မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားတွင် ပြသထားရှိသည့် ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ပြခန်းများပြသထား

အဆိုပါ ဒစ်ဂျစ်တယ်မြန်မာ နည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲ (Digital Myanmar Forum and Exhibition)ကို “ဉာဏ်ရည်တု နည်းပညာခေတ် မြန်မာနိုင်ငံ၏ နည်းပညာအနာဂတ်ကို ပုံဖော်ခြင်း(Digital Myanmar: Shaping Myanmar’s Digital Future in the Age of AI)”ဟူသည့် ခေါင်းစဉ်ဖြင့် ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများမှ ပြခန်းများ ပြသထားရှိကြောင်း သိရသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.