ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ
ဈေးသစ်ကြီးတွင် နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ်ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှုစနစ်များကို
စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထား
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေးဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊
ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုမင်္ဂလာအဆင့်မြင့်ဈေး
တည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်
ဒေသခံပြည်သူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေးသို့ ရောက်ရှိကြရာ
တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (မန္တလေး)နှင့် ပညာရေးဒီဂရီ ကောလိပ် (မန္တလေး)တို့မှ ကျောင်းသူလေးများက
“ပန်းကမ္ဘာ မျှော်စင်” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေကြိုဆိုကြသည်။
ထို့နောက် သုမင်္ဂလာအဆင့်မြင့် ဈေးအဆောက်အအုံအသစ်အား
ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် သုမင်္ဂလာအဆင့်မြင့် ဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)နှင့်
ပညာရေးဒီဂရီကောလိပ် (မန္တလေး)တို့မှ ကျောင်းသူလေးများက “လှပဝေဆာ သုမင်္ဂလာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက် ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်း
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ပြင်ဦးလွင်မြို့
သုမင်္ဂလာအဆင့်မြင့်ဈေး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သုမင်္ဂလာ အဆင့်မြင့်ဈေးအတွင်း
ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိမှုအခြေအနေ၊ ကလေးကစားကွင်းအတွင်း ကလေးငယ်များ
ဆော့ကစားလျက်ရှိမှုအခြေအနေနှင့် ရုပ်ရှင်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို
ဈေးဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သုမင်္ဂလာအဆင့်မြင့်ဈေး
အဆောက်အအုံသစ်၏ သမိုင်းကြောင်းနှင့် အဆောက်အအုံ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့်စပ်လျဉ်းသည့်
Video Clip ကို ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သုမင်္ဂလာ အဆင့်မြင့်ဈေး
အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက် ရောက်လာကြသူများသည် “လှပ ဝေဆာ
သုမင်္ဂလာ” ဂုဏ်ပြုတေး သီချင်းအား ကြည့်ရှုကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က
ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေး တည်ဆောက်ပြီးစီးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အဆိုပါ ပြင်ဦးလွင်မြို့ သုမင်္ဂလာ အဆင့်မြင့်ဈေးအား
ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှု များပြားလာမှု၊ အပန်းဖြေခရီးသွား လာမှုများပြားလာမှုနှင့်
ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ
နိုင်ငံတကာနှင့် လိုက်လျောညီထွေမှုရှိသည့် RC အဆင့်မြင့် ဈေးသစ်ကြီး ဖြစ်ပေါ်လာစေရန်၊
ဒေသထွက်ကုန် အခြေခံ ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစုတဝေးတည်း ရောင်းဝယ်ဖောက်ကားရရှိလာစေရန်၊
တောင်ပေါ်မြေပြန့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဈေးသစ်ကြီးသည် RC အမျိုးအစား
ခြောက်ထပ် အဆောက်အအုံဖြစ်ပြီး ဈေးဝယ်သူများ အဆင်ပြေစွာ သွားလာနိုင်စေရန်အတွက် စက်လှေကား
၁၂ စင်း၊ ဓာတ်လှေကား ခြောက်စင်း၊ နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ် ဓာတ်အားပေးစနစ်၊
လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်နှင့် သဘာဝဘေး ဒဏ်ခံနိုင်မှုစနစ်များကို
စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သုမင်္ဂလာ အဆင့်မြင့်ဈေးကြီး
အတွင်း Branded ဆိုင်များ၊ Promotion Area ၊ Cart Shop Area ၊ Bank Area များ၊ Super
Market တစ်ခု၊ မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊
ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားကွင်း တစ်ခုနှင့် ရုပ်ရှင်ရုံများကို
ထည့်သွင်းတည်ဆောက် ထားသည့်အပြင် ယာဉ်ရပ်နားရန် နေရာများကိုလည်း စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်
ထားရှိကြောင်း သိရသည်။
သတင်းစဉ်

No comments