မြန်မာ - ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်




နေပြည်တော် ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ တံတားတည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများနှင့် ကိုးရီယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားဖွင့်ပွဲ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက် ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်း Documentary Movie ကို ဖွင့်လှစ် တင်ပြသည်။ ဆက်လက်၍ တံတားတည်ဆောက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ကိုရီးယားနိုင်ငံ၊ တံတား တည်ဆောက်ရေးတာဝန်ခံအဖွဲ့ Soosungကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုထံသို့ လွှဲပြောင်းပေးအပ်သည်။


ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံသို့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖွင့်လှစ်ခြင်း အထိမ်းအမှတ်အမှတ်တရလက်ဆောင်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂါရဝပြုပေးအပ်သည်။


ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသည့်ဒလမြို့ကို ဆက်သွယ်ထား သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်သဖြင့် မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့်နေ့ဖြစ်ကြောင်း၊ ယခုတံတားကြီးကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏စီးပွား ရေးမြို့တော်ဖြစ်ပြီး နှစ်ပေါင်းရာချီ မြို့သက်တမ်းရှိခဲ့သည့် ရန်ကုန်မြို့၏ မြို့လယ်ဧရိယာကို မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်နှင့်ပါ ပေါင်းစပ်ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်သည်ကို ပဏာမအနေဖြင့် ပြောကြားလိုကြောင်း။


ယခု တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားသည် အရှည် ၆၁၂၇ ပေရှိပြီး လေးလမ်းသွားတံတားသစ်ကြီး ဖြစ်ကြောင်း၊ အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ ရန်ကုန်မြို့၏အထင်ကရ အမှတ်အသား(Landmark)ဖြစ်အောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုး ဆိုင်းတံတား (Cable Stayed Bridge) အဖြစ် ခိုင်ခံ့လှပ ထည်ဝါစွာ တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့သဖြင့် ဒေသခံများနှင့် ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရသည်ကိုလည်း ပြောကြားလိုကြောင်း။


ယခုတံတားကြီးကို တည်ဆောက်နိုင်ရန် ၂၀၁၂ ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ (Economic Deve-lopment Cooperation Fund- EDCF) ချေးငွေမှ အမေရိကန် ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း နှင့် နိုင်ငံတော်အစိုးရမှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး တံတားကြီး အပြီး သတ်ဆောင်ရွက်နိုင်ရန် မြန်မာ ကျပ်ငွေ ၂၃ ဒသမ ၀၆၂ ဘီလီယံ ကျပ်ကိုလည်း နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ထပ်မံဖြည့်စွက်ပြီး ပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း။


ဆက်သွယ်သွားလာနိုင်

ယခုအခါတွင် နိုင်ငံတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိ သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အအုံဖြစ်သည့် ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍတွင်ပါဝင်သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။


ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်း သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေး အတွက် ဦးစားပေး ဆောင်ရွက်နိုင်စေရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် မြစ်/ချောင်းနေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း။


ယခုကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာ ငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသ အတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရပါ ရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများ သည် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန်လည်း လိုအပ်ကြောင်း။


ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မြို့တော်ကြီးတစ်မြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာသွားလာသည့် ယာဉ်စီးရေသည်လည်း သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော် အင်္ဂါရပ်နှင့်ကိုက်ညီအောင် ယာဉ်‌ကြောသွားလာမှု စနစ်တကျဖြစ်စေရေး အခြေခံအဆောက်အအုံ (Infrastructure) များဖြစ်သည့် မြို့တွင်း လမ်းများတိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ယခုကဲ့သို့ လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချ နိုင်ပြီး ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာသည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။


မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတားကြီး တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သကဲ့သို့ ထိုမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ဒလ မြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ ဖြစ်လာပြီး ဒေသအတွင်းကထုတ်ကုန်များကို ကုန်းလမ်းမှအချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေးဒရဲတံတားမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်း ဒေသကြီးရှိမြို့များကိုလည်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ လယ်ဧရိယာ နှင့် ကုန်းလမ်းဆက်သွယ်ရေး တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဒလမြို့အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များလည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများပေါ်ထွန်းလာစေရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိပြီး မပြတ်သောသတိ၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ၏အနာဂတ် ငြိမ်းချမ်းသာယာစေရန် နိုင်ငံသူ နိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရ အနေဖြင့် ကောင်းမွန်သည့် ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်း ပုံဖော်လျက်ရှိကြောင်း၊ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုများကလည်း နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့် လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း။


မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကြီးအား ပြည်သူများအနေဖြင့် အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လိုက်နာဆောင်ရွက်ကြရန် နှင့် တံတားကြီးရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် မှာကြားလိုကြောင်း၊ တံတားကြီး ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံအစိုးရနှင့် တံတား တည်ဆောက်ခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာယဉာဏဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများကို နိုင်ငံတော်အစိုးရက ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တံတား တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့များအား အထိမ်းအမှတ်ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖဲကြိုးဖြတ်ဖွင့်လှစ်မည့်နေရာသို့ ရောက်ရှိကြပြီး ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား ကမ္ပည်းမော်ကွန်းကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။


ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ကမ္ပည်းမော်ကွန်းကြေးပြားထားရှိသည့် Pylon-2 သို့ရောက်ရှိကြပြီး ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြသည်။


ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားပေါ်၌ ဖြတ်သန်းကြည့်ရှု၍ အခမ်းအနားသို့ တက်ရောက် လာကြသည့် တိုင်းရင်းသား လူငယ်မောင်မယ်များအားရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


ထို့နောက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားပတ်ဝန်းကျင် ကမ်းနားတစ်လျှောက် သာယာလှပရေး အဆိုပြုပုံစံအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ဒလမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ချိန်အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံပြီး ကိုရီးယားသမ္မတ နိုင်ငံ၏ Economic Development Cooperation Fund (EDCF)ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် မြစ်ကူးတံတားကြီးတစ်စင်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း၊ တံတားစီမံကိန်းဖြစ် မြောက်နိုင်စွမ်းလေ့လာမှုကို ကိုရီးယားသမ္မတနိုင်ငံ၏ အကူ အညီဖြင့် ၂၀၁၃ ခုနှစ် ဧပြီလအတွင်း စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားပုံစံထုတ်လုပ်ရာတွင် အသုံးပြုသည့် စံချိန်စံညွှန်း များသည်မြန်မာနိုင်ငံ၏ လမ်းများနှင့် ယာဉ်သွားလာမှု အခြေအနေများ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည် စွမ်းအား၊ လူမှုရေး၊ စီးပွားရေး၊ စသည်များနှင့် သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ တံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပင်မတံတား၏ လျှောစောက်(Gradient) ၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိပြီး အရှည်မှာ ၆၁၂၇ ပေ၊ တံတားအကျယ် စုစု ပေါင်း ၇၉ ပေရှိပြီး ၁၁ ပေ ၆လက်မ အကျယ် ယာဉ်သွားလမ်း ၄ လမ်း နှင့် ၆ ပေ၊ ၆ လက်မအကျယ် လူသွားလမ်း နှစ်ဖက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်မှာ ယာဉ် တစ်စီးချင်းအလိုက် ၇၅ တန်ဖြစ်ကြောင်း၊ တံတားဘေးတစ်ဖက်စီတွင် ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေပေးဝေနိုင်ရေး ၁ ပေ၊ ၆ လက်မ အချင်းရှိ ရေပိုက်များကိုလည်း တပ်ဆင်ဆောင်ရွက် ထားကြောင်း။


တံတားတည်ဆောက်ရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် အခက်အခဲ များကို နိုင်ငံတော်အစိုးရအနေဖြင့် တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနိုင်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ များကို ဖြည့်တင်းပေးနိုင်ခဲ့ခြင်းကြောင့်လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ပြီးစီး သွားပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှနေ၍ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များကို လွယ်ကူလျင်မြန်စွာသွားလာနိုင်မည် ဖြစ်ကြောင်း၊ ဒလမြို့သည်လည်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် ဝင်ပေါက် မြို့တစ်မြို့ဖြစ်လာပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဒလမြို့ ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူတစ်ဆက် တစ်စပ်တည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များသည်လည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင် တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုတံတားကြီးကို တည်ဆောက်ဖွင့်လှစ်ခြင်းအား ဖြင့် ဒေသတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးတိုးတက်လာစေပြီး ရန်ကုန်မြို့တော်၏ အထင်ကရပြယုဂ် (Landmark)တံတားတစ်စင်းအဖြစ် မြင်တွေ့ရ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.