နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၆
EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၆)ဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ Hybrid စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဗွီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်သည်။
သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသား ရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်း လောင်စာအပေါ် မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားဆုလာဘ်များကို ပြည်သူများ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ် ကာ လုပ်ငန်း ကော်မတီ ငါးခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ သင်တန်းဆင်းပွဲကို ရလဒ်အခြေခံကောင်းတစ်ခုအဖြစ် မှတ်ယူနိုင်ပါကြောင်း။
သင်တန်းဆင်းများသည် သင်တန်းတွင်လေ့ကျင့် တတ်မြောက်ပြီးဖြစ်သည့် EV ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး၊ အသိပညာများကို သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အကျိုးရှိထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေကြရန် အပြင် ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေး နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ အပြိုင်အဆိုင်ဖြင့် ဖွံ့ဖြိုးမှုမြန်ဆန်လျက်ရှိသော EV နည်းပညာအရွေ့များ အတိုင်း အမီလိုက်ပါနိုင်ရေးနှင့် နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် ကိုယ်စီ ကျွမ်းကျင်တတ်မြောက်ပြီးဖြစ်သည့် EV နည်းပညာများကိုအခြေခံကာ စဉ်ဆက်မပြတ် လေ့လာလျက် ကြိုးပမ်း လေ့ကျင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်းလက်မှတ် များပေးအပ်ရာ သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများအားလုံးကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
သင်တန်းတွင် EV နည်းပညာဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ သင်တန်းကာလသုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ပို့ချခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၁၈ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသား ၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments