ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အပ်နှင်း




နေပြည်တော် ဖေဖော်ဝါရီ ၅

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်း အထူးဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဘွဲ့နှင်းသဘင်ခန်းမအတွင်း နေရာယူပြီး သဟာယအဖွဲ့က ဘွဲ့နှင်းသဘင်အတွင်း ဝင်ရောက်နေရာ ယူကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဘွဲ့နှင်းသဘင် ခန်းမစင်မြင့်ထက်၌ နေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က အထူးဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပကြောင်း ကြေညာပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စွမ်းဆောင်ရည်များကို ဖတ်ကြားတင်ပြသည်။

 

ထိုသို့ဖတ်ကြားတင်ပြရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အထူးဘွဲ့နှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော် အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းရခြင်းမှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု အခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအသွင် ကူးပြောင်းမှု ဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၊ နိုင်ငံတကာ အသိုက်အဝန်းများနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စိန်ခေါ်မှုများအကြားမှ ပြည်သူများ အထူးလိုလားတောင့်တ မျှော်လင့်လျက်ရှိသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်ချက် သမိုင်းမှတ်တိုင် တစ်ခုပင် ဖြစ်ကြောင်း။

 

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း အတိုင်းငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲ ဖွင့်လှစ်ပေးထားပြီး အစိုးရ၊ တပ်မတော် နှင့် ပြည်သူပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ရေးရာ ကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ် နိုင်ငံ များနှင့်ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးများ တည်ဆောက်နိုင်ခဲ့ကြောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေး နည်းလမ်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း။

 

နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာစေရေးအတွက်လည်း နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ခြင်းဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိရေး၊ နိုင်ငံတွင်းစားရေရိက္ခာ ဖူလုံစေရေးတို့အတွက် စီးပွားရေးမူဝါဒများ အစဉ်တစိုက် ချမှတ်လုပ်ဆောင်ရန် ဦးဆောင်လမ်းညွှန်မှု ပြုပေးသူများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ပေးလိုသည့် နိုင်ငံတော်အကြီးအကဲ၏ မေတ္တာစေတနာပင်ဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရာတွင် ပညာရေးသည် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်သဖြင့် ကိုဗစ် - ၁၉ ရောဂါအလွန် ကာလတွင် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာတက္ကသိုလ်များကို ပုံမှန် အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ပညာရည်မြှင့်တင်မှု လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့ပြီး Naypyitaw State Academy နှင့် Naypyitaw State Polytechnic University များ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း Polytechnic University များ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးဆောင် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာစေရေးအတွက်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ထူးချွန်အားကစားလူငယ်များ မွေးထုတ်ပေးနိုင်ရန်အတွက်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားလူငယ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍လည်း “ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒကို ချမှတ်ပြီး ပြည်သူများ၏ မျှော်မှန်းသက်တမ်းများ မြင့်မားလာစေရန်နှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ချမှတ်ပေးပြီး ခေတ်မီဆေးပညာရပ်များကို လေ့လာနိုင်စေရန်အတွက်လည်း ဘဏ္ဍာငွေများကို ထောက်ပံ့ ပေးခဲ့ပါကြောင်း၊ အလားတူ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ မြန်မာ့မီးရထားပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း လမ်းညွှန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘာသာ၊ သာသနာနှင့် ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ ထူးခြားသည့် သာသနာ့မှတ်တိုင်မှာ နေပြည်တော် ကောင်စီ နယ်မြေတွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့ကြောင်း။

 

လုံခြုံရေးနှင့်ကာကွယ်ရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ခေတ်မီကာကွယ်ရေး နည်းပညာများကို စမ်းသပ်တီထွင်ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍လည်း မိုခါမုန်တိုင်းဒဏ်၊ ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အလျင်အမြန် ဆောင်ရွက်စေရေး တွန်းအားပေး စီမံညွှန်ကြားခဲ့ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်သော ပျက်စီးခဲ့သည့် အခြေခံကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ဦးစားပေးအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်နှစ် (၁၀၀) ပြည့်အတွက် မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ယခင်မူလလက်ရာအတိုင်း ပြန်လည်ပြုပြင် တည်ဆောက်နိုင်ခဲ့ပါကြောင်း။

 

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို အဓိကခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဘက်စုံကဏ္ဍစုံမှ ထူးခြားပြောင်မြောက်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ကိုချီးမြှင့်အပ်နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ် တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration,St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich ၊ ထိုင်းနိုင်ငံ Mahido University မှ Vice-President ဖြစ်သူ Dr. Thatchaveeleelawat နှင့် ဗီယက်နမ် နိုင်ငံ Ho Chi Minh City University of technology မှ Vice-President ဖြစ်သူ Dr. Ly Thein Trang တို့က ဂုဏ်ပြုစကားများ ပြောကြားကြသည်။

 

ထိုသို့ပြောကြားရာတွင် ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့ခေတ် ကမ္ဘာ့အခြေအနေတွင် ခိုင်မာသော အုပ်ချုပ်ရေးပညာရပ်၏ အထူးအရေးပါမှုကို သိသာထင်ရှားစေသည့် အဓိပ္ပါယ် သက်ရောက်မှုကြီးမားသော အခမ်းအနားဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် ပြည်သူအပေါ် သစ္စာရှိစွာဖြင့် အမှုထမ်းရွက်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ပြုသည့် အခမ်းအနားပင် ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုများ၊ အပြန်အလှန် နားလည်မှုများ အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်ပေးနေသူ နိုင်ငံတော် အကြီးအကဲကို လူကိုယ်တိုင်တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူ မိပါကြောင်း၊

 

နိုင်ငံတော်အကြီးအကဲ၏ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်း သိမြင် နားလည်မှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကိုယ်ရည်ကိုယ်သွေး မြင့်မားမှုများ၊ ပညာရှင် ပီသမှုများသည် စံနမူနာယူစရာပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့် အပ်နှင်းခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အတွေ့အကြုံနှင့် အသိပညာသည် အနာဂတ်ကို ပုံဖော်ပေးမည့် လူငယ်ခေါင်းဆောင်များ၊ လူငယ်သိပ္ပံပညာရှင်များ၏ ပညာရေးအတွက် အခြေခံကောင်း ချမှတ်ပေးနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ (D.P.A.) အပ်နှင်းခြင်းကို ဂုဏ်ပြုရန် စုဝေးရောက်ရှိနေကြခြင်းဖြစ်ပြီး ယင်းဂုဏ်ထူးဆောင်ဘွဲ့သည် အကြီးအကဲ၏ ကိုယ်ကျိုးစွန့်အနစ်နာခံသည့် ခေါင်းဆောင်မှု သမိုင်းမှတ်တိုင်ကို ထင်ဟပ်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အကြီးမားဆုံး အောင်မြင်မှုတစ်ခုမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် စနစ်တကျ ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အဆိုပါမှတ်တိုင်သည် တည်ငြိမ်အေးချမ်းမှုအတွက် ခိုင်မာသည့်အုတ်မြစ်ကို ချမှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ အနာဂတ်အတွက် ချောမွေ့သည့် ကူးပြောင်းမှု ဖြစ်စဉ်ကို အာမခံချက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံသည် ထွန်းကားစည်ပင်နေပြီဖြစ်သည်ကို နိုင်ငံတကာအသိုက်အဝန်းအတွက် အထင်အရှား သက်သေပြသနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ယခု ၂၀၂၆ ခုနှစ်မှ စ၍ နောင်လာ နောက်သားမျိုးဆက်များတိုင်အောင် အင်အားတောင့်တင်းခိုင်မာပြီး သာယာဝပြောမှုများ တိုးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း အသီးသီးပြောကြားကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အား အပ်နှင်းသည်။


 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှတ်တရ မိန့်ခွန်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး ဘွဲ့နှင်းသဘင် မိန့်ခွန်းကို မော်ကွန်းတိုက်တွင် ထိန်းသိမ်းရန် ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်းက ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဘွဲ့နှင်းသဘင်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ရန်ကုန်တက္ကသိုလ်မှ ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုး ချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့များဖြစ်ကြောင်း၊ ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင်များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုး နှင့် ဗီယက်နမ် သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ ဗဟိုစာကြည်တိုက်သို့သွားရောက်၍ စာကြည့်တိုက် အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ပျက်စီး ပျောက်ဆုံးမှုများ မရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.