KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက မြစ်ကြီးနားလေဆိပ် အတွင်းသို့ FPV Suicide Drone များဖြင့်တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့
နေပြည်တော်
ဖေဖော်ဝါရီ ၁၂
KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်
သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို
ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ် အေးချမ်းမှု
ပျက်ပြားစေရန် ရည်ရွယ်၍ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊
လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊
ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ
ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ
အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင် နေရာများသို့
FPV
Suicide Drone များ အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ
လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်း သိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ယင်းသို့
ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ
လေယာဉ်ပြေးလမ်းနှင့် အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး
လုံခြုံရေးတပ်ဖွဲ့ဝင်များက အများ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများအား
စနစ်တကျသက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူ၊ အဆောက်အအုံနှင့်
လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့
စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်
စေရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်းပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား
ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့်
အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအပေါ်
စက်ဆုပ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့
အဖျက်အမှောင့်လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက် သမားများကို
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍
စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments