ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စက်မှု/လက်မှု လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇)ရဲရွာခန်းမ၌ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ် များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏စီးပွားရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro - Based Industries)ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ် မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေး နိုင်ရေး အလေးထားစီမံဆောင် ရွက်လျက်ရှိကြောင်း၊ နည်းလမ်း ပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့်ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့် သော်လည်း လိုအပ်ချက်ကိုပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ LNG ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်မျှတစေရန်အတွက် စက်မှု နှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်ပြီး ယခု ဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ် သည့်အတွက် ဇန်နဝါရီလ အသုံး ယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးသွားရန် လိုအပ်ကြောင်း။
ဓာတ်အားခနှုန်းထား တိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု သုံးစွဲနေသော ဓာတ်အား ခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ ယခင် စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှု လုပ်ငန်းရှင်များက အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခ ကောက်ခံ ဆောင်ရွက်မည့်အခြေအနေများနှင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် အားသာချက်/အားနည်း ချက်များ၊ ဖြစ်ပေါ်လာသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments