ကရင်ပြည်နယ် ဘားအံမြို့၌ သက်မွေးပညာ ကာလတိုသင်တန်းများဆင်းပွဲ ကျင်းပ
ဘားအံ မတ် ၉
ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကော်မတီကကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာ ကာလတို သင်တန်းများဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် အစိုးရနည်းပညာအထက်တန်းကျောင်း နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းမှ သင်ကြားပေးသော အသိပညာ၊ အတတ်ပညာများဖြင့် ရပ်တန့်မနေဘဲ ကျွမ်းကျင်ပညာရှင်များ ထုတ်ဝေ ထားသောစာအုပ်များ၊ အွန်လိုင်းလေ့ကျင့်ခန်းများ၊ အတွေ့အကြုံဝေမျှသည့် Website များ၊ You Tube Channel များ စသည့်လက်လှမ်းမီရာဖြင့် စာတွေ့၊ လက်တွေ့များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားရန်လိုကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသည့်ပညာရပ်များဖြင့် မိမိရပ်ရွာ အကျိုး၊ မိမိဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားပြီး အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းထူးချွန်အထူးဆုရရှိသော သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းတို့တွင် သင်တန်းထူးချွန် ပထမဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သင်တန်းထူးချွန်ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများကိုယ်တိုင် ဆောင်ရွက်ထားသော လက်ရာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments