တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း( ၁/၂၀၂၆)ဖွင့်ပွဲ တက်ရောက်
ထားဝယ် မတ် ၉
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ မြို့တော် ခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ် နှင့်ထိစပ်နေသော ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို နှေးကွေးစေသော အနှောင့်အယှက် အဟန့်အတားများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေး အန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင် ရန်အတွက် ရပ်/ကျေးအဆင့်အထိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူ လေ့လာပြီး ပြည်သူများအကြား သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်ပြီး ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ် ကိုယ်စီဖြင့် ကျရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် တုံ့ပြန်ရင်ဆိုင်နိုင်သည့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်နိုင်သော အထောက်အပံ့ကောင်းများကို ရရှိပြီး သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်း သင်တန်းသား ၅၀ ကို တာဝန်ရှိသူများက မတ် ၁၃ ရက် အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Idenity Register-CEIR) နှင့် EIR စနစ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကို ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် CEIR နှင့် ပတ်သက်၍ အခွန်ဦးစီးဌာနအနေဖြင့် စနစ် ဆောင်ရွက်ရသည့် ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြ ပေးရန်လိုအပ်ကြောင်း၊ ဖုန်းများ တရားဝင်/ မဝင် သိရှိနိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စနစ်နှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းများကို ကိုယ်တိုင် ဆောင်ရွက်ရသည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်း များကို ဖုန်းသုံးစွဲသူများနားလည်ရန် လိုအပ်ကြောင်း၊ စနစ်အောင်မြင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် CEIR နှင့် EIR စနစ်အကြောင်း သိကောင်းစရာများ၊ CEIR Public Portal အကြောင်း သိကောင်းစရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments