ဒရုန်းတိုက်ခိုက်မှုကြောင့် အိန္ဒိယလေကြောင်းလိုင်းများ ဒူဘိုင်းခရီးစဉ်အားလုံး ဖျက်သိမ်း
မတ် ၁၇
အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများမြင့်တက်လာနေချိန်တွင် Air India နှင့် ၎င်း၏ ဘတ်ဂျက်လေကြောင်းလိုင်း Air India Express တို့သည် ဒူဘိုင်းသို့ ပျံသန်းမှုအားလုံးကို ဖျက်သိမ်းလိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဒူဘိုင်းလေဆိပ်အနီးတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Air India ၏ ပြောကြားချက်အရ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ထိုလေကြောင်းလိုင်းက ခရီးသည်များသည် ၎င်းတို့၏လေယာဉ်ခရီးစဉ်များကို အခြားရက်စွဲတစ်ခုအတွက် ပြန်လည်စီစဉ်နိုင် သို့မဟုတ် ၎င်းတို့၏ဘွတ်ကင်ကိုပယ်ဖျက်ပြီး ပြန်အမ်းငွေရယူနိုင်သည်ဟု ပြောကြားခဲ့သည်။
သို့ရာတွင် Air India Express ၏ အဘူဒါဘီ၊ ရက်စ် အယ်လ် ခါမာနှင့် ရှာဂျာသို့ ပျံသန်းမှုများကို ကြေညာထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းလေကြောင်းလိုင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments