မန်ယူက အက်စ်တွန်ဗီလာကို ဂိုးပြတ်အနိုင်ယူပြီး အဆင့် (၃) နေရာ တက်လှမ်း



ပရီမီယာလိဂ်ပွဲစဉ်(၃၀)တွင်  မိုက်ကယ်ကာရစ်၏ မန်ယူအသင်းက အူနိုင်းအမ်မရီ၏ အက်စ်တွန် ဗီလာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ပြီး အမှတ်ပေးဇယားအဆင့်(၃)  နေရာ အထိ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်ကို မတ် ၁၅ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ ပြီး  ပရိသတ်   ၇၃၀၀၀   ကျော်   လာရောက်ကြည့်ရှု ခဲ့သည်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်   အပြိုင်အဆိုင်ဖြစ်နေသည့်  အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်သောကြောင့် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် အကြိတ်အနယ်ရှိပြီး ပွဲချိန်ပြည့်သည်အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅၃ မိနစ်တွင် ရရှိပြီး အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ ကွင်းလယ်ကစားသမား   ကက်စမီရိုက   ခေါင်းတိုက်သွင်းယူပေးခဲ့သည်။   ထို့နောက် ပြိုင်ဘက် အက်စ်တွန်ဗီလာအသင်းကလည်း ချေပဂိုးရရှိရေး ကြိုးပမ်းလာခဲ့ရာ ပွဲချိန်  ၆၄ မိနစ်တွင် ရရှိခဲ့ပြီး  ဘာကလေက သွင်းယူပေးခဲ့သည်။ မန်ယူအသင်းအတွက် ဒုတိယဂိုးနှင့် တတိယ ဂိုးကို ကွန်ညာနှင့်  လူစားဝင်တိုက်စစ်ကစားသမား ရှက်ကိုတို့က သွင်းယူပေးခဲ့သည်။  မန်ယူအသင်း ခေါင်းဆောင်  ဖာနန်ဒက်စ်  အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။

ဖာနန်ဒက်စ်သည် ယင်းဂိုးဖန်တီးမှုနှစ်ကြိမ်ကြောင့် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ဂိုးဖန်တီး မှုပေါင်း ၁၆ ကြိမ်အထိရှိလာပြီ ဖြစ်သည်။ ထို့ပြင် ၎င်းသည် မန်ယူအသင်းသမိုင်းတစ်လျှောက်တွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။ မန်ယူအသင်း သည်   ယခုနိုင်ပွဲကြောင့်   ပရီမီယာလိဂ်  ပွဲစဉ်(၃၀)အပြီးတွင် ရမှတ် ၅၄ မှတ်ဖြင့် အဆင့်(၃) နေရာ ကို တက်လှမ်းနိုင်ခဲ့သည်။

မတ် ၁၅ ရက် ည ၁၁ နာရီက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးနှင့် စပါးအသင်း ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းသည် ဆာဘော့ ဆလိုင်း၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ရစ်ချတ်လီဆန်၏ နောက်ကျချေပဂိုး    ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် သရေကျခဲ့ခြင်းဖြစ်သည်။                                                                                                                      

အောင်ဇော်

No comments

Powered by Blogger.