နေပြည်တော်၌ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ပထမနေ့ ကျင်းပ၊ ဆွေးနွေးပွဲ (ပထမပိုင်း) အဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေး
နေပြည်တော် မတ် ၁၃
“မြန်မာ့မျက်နှာစာသစ်ဖိုရမ်”
(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE
DAWN OF A NEW STATE”(Trust, stability & Development) ပထမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန(၁) (MICC I)၌ ကျင်းပသည်။
ဦးစွာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကြိုဆိုနှုတ်ခွန်းဆက်
စကားပြောကြားရာတွင် ကိုယ်စားလှယ်ကြီးများအနေဖြင့် ယနေ့ဖိုရမ်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အခွင့်အလမ်းများ၊ စားရေရိက္ခာဖူလုံရေးနှင့် ရေရှည်ပူးပေါင်းမှု၊ အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းများ
ဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့
ဖော်ဆောင်ကြမည်ဆိုသည့် အတွေးအမြင်သစ်များ ရရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင်
လယ်ယာစီးပွားမှ စက်မှုစီးပွားရေးဆီ ကူးပြောင်းမှု၊ အခြေခံအဆောက်အုံနှင့် စွမ်းအင်
ကဏ္ဍ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအား အရင်းအမြစ်
ပြုပြင်ပြောင်းလဲရေး စသည့် ဆွေးနွေးချက်များကို လည်း ရရှိကြမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့
စိန်ခေါ်မှုများပြား သည့် ကမ္ဘာ့အခြေအနေတွင် မိမိတို့၏ အားသာချက်၊ အားနည်း
ချက်များကို သေချာဆန်းစစ်ပြီး ရေရှည်တည်တံ့မည့် လမ်းပြမြေပုံ များ
ရေးဆွဲကြရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များသည် လက်တွေ့အသုံးချ၍ရသည့်
ဗဟုသုတများဖြစ်သည့်အတွက် အလေးထားမှတ်သား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့်
လယ်ယာကဏ္ဍမှ စက်မှုကဏ္ဍကို ကူးပြောင်းသည့်အခါ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုကို
မဖြစ်မနေ အသုံးချရမည် ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးသည်
ကမ္ဘာ့စံနှုန်း ဖြစ်လာသကဲ့သို့ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်ကိုလည်း ပိုမိုမြန်ဆန်
သွက်လက်စေမည်ဖြစ်ပါကြောင်း၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် စက်မှု
ကဏ္ဍအတွက် အသက်သွေးကြော ဖြစ်ပါကြောင်း။
နှစ်ရက်တာကျင်းပမည့်
မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် သဘောတရား ရေးသာမက
လက်တွေ့ကျသည့် သဘောထားအမြင်များ၊ အကြံပြုချက်များ၊ ထောက်ပြချက်များ ရရှိ လာမည်ဟု
မျှော်လင့်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များကိုလည်း
အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅၇ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆၃ ဦး၊
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးအတွက် MRTV DTH အစုံ ၃၀၀၊ MRTV DVB T2 Set Top Box ၂၈၆ လုံး၊ Cannal+ DTH အစုံ ၃၀၀ နှင့် Cannal + T2 Set Top Box ၂၈၆ လုံးတို့ကို ပေးအပ်ရာ လွှတ်တော် ကိုယ်စားလှယ်များ
ကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံ ရယူသည်။
ဆွေးနွေးပွဲ(ပထမပိုင်း)အဖြစ်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အခွင့်အလမ်းများ
ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ်ဖော်ညွှန်း
ရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာ
ပညာရှင်များဖြစ်သည့် Yunnan Academy of Social Sciences မှ Professor
Mr. Lei Zhuning ၊ Jawaharlal Nehru University မှ Senior Professor Mr. Mahendra P. Lama ၊ Chiang Mai University မှ Distinguished
Economist and Academic Leader Dr. Nisit Panthamit နှင့် Representative of Dale Carnegie & Associates Mr. Luc De Waegh တို့က ပါဝင်ဆွေးနွေး ကြသည်။
သဘာပတိ ဒေါက်တာဇော်ဦးက နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှု
အခွင့် အလမ်းများ၊ သမားရိုးကျမဟုတ်သည့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ကိုင်တွယ် ဆောင်ရွက်မှုများ၊ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသည့်
စီးပွားရေးလုပ်ငန်းများကို မူဝါဒများချမှတ်၍ တရားဝင်လမ်းကြောင်းပေါ်သို့ ပြောင်းလဲလုပ်ကိုင်စေခြင်း၊
ရွှေ့ပြောင်း လုပ်သားများကို Brain Gain အဖြစ် နိုင်ငံအပေါ် အကျိုးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်း
လုပ်သားများ၏ လုပ်အားခများကို တရားဝင် ငွေလွှဲလမ်းကြောင်းဖြင့် စီးဝင်စေခြင်း၊
လုံခြုံသော စွမ်းအင် ကဏ္ဍရရှိအောင် စီမံခန့်ခွဲခြင်းနှင့် စီးပွားရေးကဏ္ဍတွင်
ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် Yunnan
Academy of Social Sciences မှ Professor Mr.
Lei Zhuning က မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်မှု၊
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ် လာနိုင်သည့် အခွင့် အလမ်းသစ်များ၊ Greater
Mekong Sub-Region(GMS)မှ တစ်ဆင့် စီးပွားရေး
အခွင့်အလမ်းများ ဖော်ဆောင်မှု၊ မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊
စီးပွားရေးစင်္ကြံများမှ မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သည့်
အခွင့်အလမ်းများနှင့် စီးပွားရေး အကျိုးရလဒ်များ ဖော်ဆောင်နိုင်မည့် အခြေအနေ၊
တရုတ်နိုင်ငံအနေဖြင့် အာရှဒေသတွင်းမှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များကို
ပိုမိုတင်သွင်းခွင့်ပြုမည့် မူဝါဒ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတွင်
မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ၊ တန်ဖိုးမြှင့်
ထုတ်ကုန်များ ထုတ်လုပ်၍ တရုတ် နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် Jawaharlal
Nehru University မှ Senior
Professor Mr.Mahendra P.Lama က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှု
အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် မဖြစ်မနေထည့်သွင်း စဉ်းစားရမည့် အစားအစာလုံခြုံရေး၊
တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ အိန္ဒိယ နိုင်ငံသည်
ပဲစားသုံးမှုမြင့်မားသည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့နိုင်သည့် ဈေးကွက်အဖြစ် တည်ရှိမှု၊ ပဲတင်ပို့မှု
တိုးမြှင့်နိုင်ရေး အထွက်နှုန်းမြှင့်တင်ရေးအတွက် အစီအမံများ၊ အော်ဂဲနစ်သီးနှံများ
အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ အာရှဒေသအတွင်း ပဲဈေးကွက် မြှင့်တင်
တင်ပို့နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံအတွက် အခွင့် အလမ်းများ
ဖော်ဆောင်နိုင်ရန် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံး နိုင်ငံရေးဆန္ဒရှိရန် လိုအပ်မှု၊ စွမ်းအင်ဆိုင်ရာ
မူဝါဒများခိုင်မာရေး၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင် ရရှိရေး စီမံဆောင်ရွက်ရာတွင် ရေအားလျှပ်စစ်ကဲ့သို့
သန့်ရှင်းသည့် စွမ်းအင်စီမံကိန်းများ၊ ရေရှည် တည်တံ့သည့် စွမ်းအင်ကဏ္ဍဖြစ်ပေါ်ရေး ဆောင်ရွက်သင့်သည့်
နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ Chiang Mai
University Distinguished Economist and Academic Leader Dr. Nisit Panthamit က စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ရန် အခြေခံအုတ်မြစ်များ
ခိုင်မာစွာ တည်ရှိရေး၊ နိုင်ငံ့စီးပွားရေးအတွက် MSME လုပ်ငန်းများက
အထောက်အပံ့ပြုနေမှု၊ တစ်ခါတစ်ရံ စီးပွားရေး အခွင့်အလမ်းသစ်များအတွက် Back to Basic
နည်းလမ်းကို အသုံးပြုရေး၊ အထူးပြု စီးပွားရေးကဏ္ဍများ ဖော်ဆောင်ရန် လိုအပ်မှု၊
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အပြန် အလှန် အထောက်အကူပြုစေနိုင်သည့်
ငွေကြေးစနစ် ဖော်ဆောင်ရေး၊ ငွေလဲနှုန်းတည်ငြိမ်ရေး၊ စီးပွားရေး အခွင့်အလမ်းများ
ဖော်ဆောင်ရာတွင် အတားအဆီးဖြစ်စေမည့် ကန့်သတ်ချက်များ နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ရေး၊
စီးပွားရေးကဏ္ဍ အတွက် စဉ်းစားဆောင်ရွက်ရမည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ - ထိုင်း
နှစ်နိုင်ငံ ကုန်သွယ်မှု အခြေအနေ၊ ထိုင်းနိုင်ငံ ရှိ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသည့် မြန်မာလုပ်သားများ၏
အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် Representative
of Dale Carnegie & Associates Mr. Luc De Waegh က အလား အလာများစွာရှိသည့် နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို နိုင်ငံတကာက
ပြောင်းလဲရှုမြင်လာမှု၊ မြန်မာ နိုင်ငံအနေဖြင့် တိုးတက်မှုရရှိလာသည့် စီးပွားရေး
အခြေအနေ၊ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေ၊
ခေတ်စနစ်နှင့်အညီ ပြောင်းလဲ ဖော်ဆောင်လာသည့် မြန်မာနိုင်ငံ ၏ Tele
Communication အခန်း ကဏ္ဍ၊ အိပ်မက်စိတ်ကူးရှိသလောက်
မြန်မာနိုင်ငံအနေဖြင့် တိုးချဲ့ ဖော်ဆောင်နိုင်မည့် စီးပွားရေး အခွင့်အလမ်းများ၊ Multi National Companyများ ဖော်ဆောင်ခြင်း ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည့်
အခြေအနေကို ဆွေးနွေး ပြောကြားသည်။
ထိုသို့
ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်
ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး
စိတ်ဝင်စား ကြသူများ၊ တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ
နိုင်ငံတကာပညာ ရှင်များက အသေးစိတ် ရှင်းလင်း ဖြေကြားပေးကြသည်။
ယင်းနောက်
ဆွေးနွေးပွဲ (ဒုတိယပိုင်း) အဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ (၁)
ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ
ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ
ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်နိုင်သိန်း၊ Green Economy
Green Group မှ Executive Director ဦးတင်ဝင်းအောင်တို့က ပါဝင်ဆွေးနွေးကြသည်။
သဘာပတိ
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က စီးပွားရေးဖွံ့ဖြိုးမှု
ဖော်ဆောင် ရာတွင် အားလုံးပါဝင်လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု
ဖြစ်စေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက မက်ခရို စီးပွားရေးအခြေအနေ၊
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီ လှမ်းချီနိုင်ရေး အကြံပြုချက်များ၊
ကုန်ဈေးနှုန်း၊ ငွေလဲနှုန်း၊ ငွေကြေးဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း
တည်ငြိမ်ရေးအတွက် စီမံဆောင်ရွက်မှု၊ စက်သုံးဆီ ခြိုးခြံချွေတာရေး အစီအမံများ၊
ဘေးထွက်စရိတ် ကုန်ကျမှုလျှော့ချနိုင်မည့် အခြေအနေ၊ ကုန်ဈေးနှုန်းနှင့်
ငွေကြေးဖောင်းပွမှု အကြောင်းရင်းများ၊ ငွေလဲနှုန်းနှင့် ကုန်သွယ်ရေးကဏ္ဍ
ဆက်စပ်နေမှု၊ မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်း၊
စိန်ခေါ်မှုများပြားလာသော ကမ္ဘာ့စီးပွားရေးစနစ်၊ အခြေခံလုပ်သားရှားပါးလာမှု၊
လုံခြုံစနစ်ကျသော ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဖော်ဆောင်ရေး၊ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စီးဝင်ရေး၊ တရားမဝင်ကုန်သွယ်ရေးနှင့် ပဋိပက္ခကြောင့်
ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ၊ မြန်မာ့နည်း၊ မြန်မာ့ဟန် စီးပွားရေးမဟာဗျူဟာများ
ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်နိုင်သိန်းက Nation Building နှင့် State Building ၊ လွတ်လပ်ရေးမရမီ
မြန်မာ့နိုင်ငံရေးအခြေ အနေ၊ နိုင်ငံရေးရာ အယူဝါဒများနှင့် နိုင်ငံတည်ဆောက်
ရေးအခန်းကဏ္ဍ၊ ယနေ့ခေတ် နိုင်ငံတည်ဆောက်ရေး Ideologyများ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်၊ ပြည်သူ့မျှော်မှန်းချက်များ၊
အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစိုးရ၏ မျှော်မှန်းချက်များ၊
လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရပါတီ၏ မျှော်မှန်းချက်များ၊ နိုင်ငံတော်၏
အခြေခံမူများ၊ အမျိုးသားရေး မျှော်မှန်းချက်နှင့် ပန်းတိုင်၊ အမျိုးသားရေး မျှော်မှန်းချက်နှင့်
တာဝန်၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် မြှင့်တင်မည့်သူများ၏ အခန်းကဏ္ဍ၊
နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် မျှော်မှန်းချက်အမြင် တည့်မတ် မှန်ကန်မှုအပေါ်
လေ့လာဆန်းစစ်ခြင်း၊ အမြင်သဘောထားမှန်ကန် တူညီရေး၊ ရည်မှန်းချက် တာဝန်များကို
အကောင်အထည်ဖော်မြှင့်တင်ရာတွင် လိုအပ်သည့် အရင်းအနှီး စွမ်းအားများ၊
အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုလားချက်
ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းရေး
တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် Green Economy
Green Group မှ Executive Director ဦးတင်ဝင်းအောင်က အစိမ်း ရောင်စီးပွားရေးဖော်ဆောင်မှု
ရည်ရွယ်ချက်၊ အစိမ်း ရောင် စီးပွားရေး၏ အဓိကအကြောင်းအရာများ၊
အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှုမှ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊
စိုက်ပျိုးရေးကဏ္ဍကို Innovative Ideaများဖြင့်
ပြောင်းလဲဖော်ဆောင်နိုင်ရေး၊ စားနပ် ရိက္ခာလုံခြုံမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
အစီအမံများ၊ မြန်မာနိုင်ငံ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်
အစိမ်းရောင်စီးပွားရေး၊ အစိုးရက ချမှတ်ဖော်ဆောင်သော မဟာဗျူဟာများတွင် ပုဂ္ဂလိက
အခန်းကဏ္ဍ အပါအဝင် ဘက်စုံ၊ ကဏ္ဍစုံက ပါဝင်ဖော်ဆောင်ရေး တို့နှင့်စပ်လျဉ်း၍
ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း မှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး
စိတ်ဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးပေးကြသူများက အသေးစိတ် ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
သတင်းစဉ်
No comments