လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ နား၊ မျက်စိတွေ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်တွေ ကိုယ်စား ပြည်သူတွေရဲ့ လိုအပ်ချက်၊ လိုလားချက်နဲ့ အခြေအနေအမှန်တွေကို ဝိုင်းဝန်းဖော်ဆောင် ပေးတဲ့သူတွေလို့ သဘောထားပြီး အတူတူ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ် ( ဦးအောင်ကျော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
နေပြည်တော် မတ် ၁၃
“မြန်မာ့မျက်နှာစာသစ်ဖိုရမ်”
(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE
DAWN OF A NEW STATE”(Trust, Stability & Development) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC- I) ၌ မတ် ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိသည်။
အဆိုပါဖိုရမ်သို့
နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်တွင်း ပြည်ပ
ပညာရှင်များ၊ ပြည်တွင်း နိုင်ငံရေးသုတေ သီများ၊ မြန်မာနိုင်ငံအရေး
စိတ်ဝင်စားကြသူများ တက်ရောက်ဆွေးနွေး ကြရာ ဖိုရမ်တက်ရောက်သူများ၏
မျှော်မှန်းချက်များ၊ အမြင်သဘော ထားများ တွေ့ဆုံမေးမြန်းခဲ့သည်များကို
ဖော်ပြလိုက်ရပါသည်-
ဦးအောင်ကျော်မင်း၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒီဖိုရမ်က
စိတ်ကူးကောင်းကောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အများကြီးအထောက်အကူ ပြုအောင်
ကူညီဆောင်ရွက်ပေးတဲ့ ဖိုရမ်ပဲဖြစ်ပါတယ်။ ပညာရှင်တွေက လွှတ်တော်ကိုယ်စား လှယ်တွေကို
တိုင်းပြည်တည်ဆောက်တဲ့ ကိစ္စတွေမှာ ဝိုင်းဝန်းကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ဆောင်ရွက်တယ်လို့ ယူဆပါတယ်။ ဒီဖိုရမ်ပြီးသွားရင်လည်း ပညာရှင်တွေက လွှတ်တော်
ကိုယ်စားလှယ်တွေကို ဆက်လက်ကူညီပေးစေချင်ပါတယ်။ ဒီဖိုရမ်ကျင်းပပေးခြင်းဖြင့်
နိုင်ငံတော် အတွက် အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရသစ်တို့က
နိုင်ငံထူထောင်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ပြည်သူဗဟိုပြုမယ့်ကိစ္စရပ်တွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက
အောက်ခြေမှာပြည်သူတွေရဲ့အသံနဲ့ လိုအပ်ချက်တွေကို သိကြပါတယ်။ တစ်ခါတလေမှာ
ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိကြတဲ့အခါ ပညာရှင်တွေရဲ့ အကူအညီကို ထိထိရောက်ရောက်
ရရှိခဲ့မယ်ဆိုရင် ခရီးတိုတိုနဲ့ အောင်မြင်မှုပန်းတိုင်ကို မြန်မြန်ရောက်
နိုင်မယ်လို့
ယုံကြည်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တို့က ပြည်သူကို ဗဟို
ပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စား လှယ်တွေက ပြည်သူတွေရဲ့ နား၊ မျက်စိတွေ ဖြစ်တဲ့အတွက် အစိုးရ
အဖွဲ့ဝင်တွေကိုယ်စား ပြည်သူတွေ ရဲ့လိုအပ်ချက်၊ လိုလားချက်နဲ့ အခြေအနေအမှန်တွေကို
ဝိုင်းဝန်း ဖော်ဆောင်ပေးတဲ့ သူတွေလို့ သဘောထားပြီး အတူတူ ပူးပေါင်း
ဆောင်ရွက်ကြစေလိုပါတယ်။
ဦးကိုကိုကြီး
ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ
ဒီနေ့ကျင်းပတဲ့
ဖိုရမ်မှာ ထူးခြားတာကတော့ ရွေးကောက်ပွဲအပြီး ရွေးကောက်ခံရတဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်တာဖြစ်ပါတယ်၊၊ ဒီနေ့အခမ်းအနားမှာ နိုင်ငံတော်
အကြီးအကဲ အနေနဲ့ သူ့ရဲ့အယူအဆ၊ သုံးသပ်ချက်တွေကို ဖော်ပြသွားတယ်ဆိုတာ နိုင်ငံ့တာဝန်ထမ်းဆောင်မယ့်
ပုဂ္ဂိုလ်တွေအတွက် လက်ဆင့်ကမ်းတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ လွှတ်တော်
အခင်းအကျင်း ပေါ်လာတယ်ဆိုတာက အာဏာခွဲဝေကျင့်သုံးတဲ့ ယဉ်ကျေးမှု ပေါ်ထွန်းလာတာ
ဖြစ်ပါတယ်၊၊ အပြန်အလှန်စစ်ဆေး ထိန်းကျောင်းတဲ့ ပုံသဏ္ဌာန်တစ်ခု ပေါ်ပေါက်လာပြီး အဲဒီကနေ
တစ်ဆင့် ပိုပြီးအားကောင်းတဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေးယဉ်ကျေး မှု
တိုးတက်လာဖို့အတွက် ဝိုင်းပြီး ကြိုးစားကြရမယ်လို့ မြင်ပါတယ်။
မကြာခင်မှာ
ကျင်းပတော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်၊
မူဝါဒဆိုင်ရာတွေကို ဆွေးနွေးကြမယ့်အချိန်မှာ ဒီနေ့ ဆွေးနွေးတဲ့ အချက်အလက်တွေ ဟာ
အများကြီးအထောက်အကူ ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နိုင်ငံတစ်ခုရဲ့
အပြောင်းအလဲဖြစ်စဉ်ဆိုတာက ကောင်းမွေဆိုးမွေ အားလုံးကို ဆက်ခံရတာပါ၊၊ ဖြစ်ခဲ့တာတွေကို
သင်ခန်းစာတွေ ယူပြီး အဲဒီကနေ ရှေ့ဆက်မယ့်ခရီးအတွက် ပြင်ဆင်ကြရမှာဖြစ်ပါတယ်။
H.E.Mr.Abhay Thakur
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး
အခုလို
ထူးခြားတဲ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
အစိုးရအသစ် ဖွဲ့စည်းပြီး လွှတ်တော်အသစ်၊ ခေါင်းဆောင်အသစ်တွေ ပေါ်ထွန်းမယ့်ကာလဖြစ်တဲ့
အပြင် သမိုင်းဝင်အကူး အပြောင်းကာလလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အခုကျင်းပတဲ့ ဆွေးနွေးပွဲကတစ်ဆင့် အနှစ်သာရပြည့်ဝတဲ့
ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေဆောင်ကြဉ်းပေးနိုင်မယ်လို့
ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသတွင်းပေါင်းစည်း ဆက်နွှယ်ချိတ်ဆက်မှုနဲ့
ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍကို အနည်းငယ် ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံက
အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပေါင်းစည်းဆက်နွှယ်
ချိတ်ဆက်မှုဆိုင်ရာ ကဏ္ဍတွေ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာကျတဲ့နေရာမှာ
တည်ရှိနေပါတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာအားကောင်းလာမယ်ဆိုရင်
မြန်မာနိုင်ငံက ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊
လျှပ်စစ်ကဏ္ဍ၊ ခရီးသွား လုပ်ငန်းအစရှိတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာမှာ
ဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုက အိန္ဒိယ နိုင်ငံရဲ့မြင်တွေ့လိုတဲ့ ဆန္ဒဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အိန္ဒိယ နိုင်ငံအနေနဲ့
ဆက်လက်ရပ်တည် သွားမှာဖြစ်ပါတယ်။
ဒေါက်တာဇော်ဦး
စီးပွားရေးသုတေသီ
ဒီနေ့
မြန်မာ့မျက်နှာစာသစ် ဖိုရမ်မှာ “နိုင်ငံတကာအခွင့် အလမ်းများ” ဆိုတဲ့
ဆွေးနွေးပွဲကို နိုင်ငံတကာ ပညာရှင်လေးဦးနဲ့ ကျွန်တော်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး
ဆွေးနွေးခဲ့ကြပါ တယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊
အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ပညာရှင်တွေလည်း ပါဝင်ဆွေးနွေးကြပါတယ်။
တရုတ်နဲ့ အိန္ဒိယက
ကမ္ဘာပေါ်မှာ ပထမနဲ့ ဒုတိယအများဆုံး လူဦးရေရှိတဲ့အတွက် သူတို့ရဲ့ စားနပ်ရိက္ခာ
လိုအပ်ချက်က ကြီးမားပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို
အခြေခံတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေကို ကုန်ကြမ်းတွေ ရောင်းချနေတာထက်
စားသုံးသူ အဆင့်ဆင့် စားသုံးနိုင်တဲ့အထိ တန်ဖိုးမြင့် ထုတ်ကုန်တွေအထိ တိုးမြှင့်
ဆောင်ရွက်သွားမယ်ဆိုရင် ဒေသတွင်းမှာ တင်ရောင်းမလောက်အောင် သုံးစွဲကြမယ့်ဈေးကွက်နဲ့
ပြည်သူလူထုလည်း ရှိပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ချိတ်ဆက်နေတဲ့
အစီအစဉ်တွေ ထဲမှာ လယ်ယာ/ သားငါးကဏ္ဍ ချိတ်ဆက်မှုကိုလည်း အဓိကထားပြီး
ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပထဝီစီးပွားရေး အခွင့်အလမ်း တွေကို ဖော်ထုတ်ပြီး
သက်ဆိုင်ရာ ဒေသခံ ပြည်သူတွေကြားမှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ရရှိလာမယ့်
အကျိုးကျေးဇူးတွေကို ဖော်ထုတ်ပြီး စီမံကိန်းတွေ ပြန်လည်စတင်နိုင်အောင် ကြိုးစား
ကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွား
တဲ့အတွက် တည်ငြိမ်မှုတွေ ရရှိလာပါပြီ။ ဒီတည်ငြိမ်မှုကနေ ဖွံ့ဖြိုး
တိုးတက်မှုရရှိအောင် ဘယ်လိုသွား မလဲဆိုတဲ့အချက်ကို ဆွေးနွေးကြပါတယ်။ အဓိက အကြံပြုချက်တွေထဲမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး
တက်ရေးနဲ့ လူသားအရင်းအမြစ် ဖော်ထုတ်လေ့ကျင့် ပျိုးထောင်ပေးတဲ့ ကိစ္စတွေကို
အိမ်နီးချင်း နိုင်ငံတွေက ဝိုင်းဝန်းဆောင်ရွက် ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။
ကျွန်တော်တို့မှာ
အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်နေရာဟာ တရုတ်၊
အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုဆိုတဲ့ အိမ်နီးချင်း နိုင်ငံအားလုံးနဲ့
ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အချက်အချာကျပါတယ်။ ဒီလောက်ကြီးမားတဲ့
ဈေးကွက်ကြီးတွေကြားက နိုင်ငံတစ်ခု အနေနဲ့ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ၊
အခွင့်အလမ်းတွေအများကြီး ရှိပါတယ်လို့ ပြောချင်ပါတယ်။
အမေးအရေး-ကျော်စွာသန့်
ဓာတ်ပုံ-အောင်မင်းသန်း
No comments