ပေကျင်းနှင့် ပြုံယမ်းအကြား တိုက်ရိုက်ပျံသန်းမှုများ တရုတ်လေကြောင်းလိုင်း ပြန်လည်စတင်
မတ် ၃၀
တရုတ်နိုင်ငံ ပေကျင်းနှင့် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအကြား တိုက်ရိုက်ပျံသန်းမှုများကို ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင်ပြန်လည်စတင်ခဲ့သည်။
တရုတ်လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်တွင် မြို့တော်နှစ်ခုအကြား တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် Air Koryo လေကြောင်းလိုင်းသည် ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအကြား လေယာဉ်ခရီးစဉ်များကို ပြန်လည်စတင်ခဲ့သည်။
ယခုလအစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က လေယာဉ်ခရီးစဉ်များကို ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုလွယ်ကူချောမွေ့စေသည့်အပြုသဘောဆောင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က အရှေ့ပိုင်း Wonsan မြို့တွင် ကမ်းခြေအပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ပြီးခဲ့သည့်လက အာဏာရအလုပ်သမားပါတီ၏ကွန်ဂရက်တွင် ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်မည်ဟု နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားခဲ့သည်။
ပြုံယမ်းသည် နှစ်နိုင်ငံ၏ မြို့တော်များကို ဆက်သွယ်ပေးသော ခရီးသည်တင်ရထားဝန်ဆောင်မှုများကို မတ်လ ၁၂ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော်လည်း တရုတ်ခရီးသွားများကို လက်ခံခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။
တိုက်ရိုက်လေယာဉ်ခရီးစဉ်များပြန်လည်စတင်ခြင်းဖြင့် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံအကြား ခရီးသွားလာမှုကို မြင့်တက်လာစေမည်ဟု စောင့်ကြည့်သူများက ခန့်မှန်းထားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments