ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်များအပြီးတွင် အာဆင်နယ်၊ ပီအက်စ်ဂျီနှင့် ရီးရဲမက်ဒရစ်တို့ ကွာတားဖိုင်နယ် တက်ရောက်
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ်
မတ် ၁၈ ရက် နံနက် ၂ နာရီခွဲက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့်
လေဗာကူဆင်အသင်းပွဲစဉ်တွင် အာဆင်နယ်အသင်းက နှစ်ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။ ထို့ကြောင့်
အာဆင်နယ်အသင်းသည် လေဗာကူဆင်အသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး
ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဆာလီဘာ၊ ဂါဘရီရယ်၊ ဟင်ကာပီယေတို့၏ ခံစစ်ပိုင်းက
လေဗာကူဆင်အသင်း၏ တိုက်စစ်ဆင်မှုများကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး ဂိုးသမားရာယာ၏
လက်စွမ်းပြ ကာကွယ်မှုများကလည်း အာဆင်နယ်အသင်း ဂိုးပြတ်နိုင်ပွဲရရှိအောင် အထောက်အကူ
ဖြစ်စေခဲ့သည်။ လေဗာကူဆင်အသင်းသည် ပထမအကျော့တွင် အာဆင်နယ်အသင်းကို ခြေစွမ်းအသာဖြင့်
ကစားနိုင်ခဲ့သော်လည်း ယခုဒုတိယအကျော့တွင် ပြိုင်ဘက်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကိုသာ
ပွဲချိန်အများစု ဟန့်တားကာကွယ်ခဲ့ရသည်။ အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို အီဇီနှင့်
ဒက္ကလန်ရိုက်စ်တို့က ပွဲကစားချိန် ၃၆ မိနစ်နှင့် ၆၃ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။
လေဗာကူဆင်အသင်းသည် ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသည့်အသင်းဖြစ်ပြီး
ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံခုနစ်ပွဲတွင် တစ်ပွဲသာနိုင်ပွဲရရှိအောင်
စွမ်းဆောင်ထားနိုင်သည်။ ပြိုင်ဘက်အာဆင်နယ်အသင်းက ခြေစွမ်းကောင်းပြသထားနိုင်သည့်အသင်းဖြစ်ပြီး
ဇန်နဝါရီ ၂၅ ရက်က မန်ယူအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသည့်
အသင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ကွာတားဖိုင်နယ်တွင် ပေါ်တူဂီကလပ် စပို့တင်းနှင့် လာမည့်
ဧပြီ ၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်များတွင် စပို့တင်းက ဘိုဒိုဂလင့်ကို
ငါးဂိုး-ဂိုးမရှိ၊ ပီအက်စ်ဂျီက ချယ်ဆီးကို သုံးဂိုး-ဂိုးမရှိ၊ ရီးရဲမက်ဒရစ်က တစ်ယောက်လျော့
မန်စီးတီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ အာဆင်နယ်အသင်းနှင့်အတူ နှစ်ကျော့ပေါင်းရလဒ်ဖြင့်
စပို့တင်း၊ ပီအက်စ်ဂျီနှင့် ရီးရဲမက်ဒရစ် အသင်းတို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်

No comments