နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်
နေပြည်တော် မတ် ၃၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အဖွဲ့ဝင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခုနစ် ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူ များက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသည့် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့မှ နှစ်ဦး၊ တနင်္သာရီ မြို့မှ နှစ်ဦး၊ ဘုတ်ပြင်းမြို့မှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ တစ်ဦး၊ အင်္ဂပူမြို့မှ တစ်ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းအပ်နှံပွဲကို ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကား ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများ က ၎င်းတို့နှင့်အတူ ပါရှိလာသည့် HK-33 သေနတ်တစ်လက်၊ M-16 သေနတ်တစ်လက်၊ ကျည်အိမ် ငါးခု၊ ၅ ဒသမ ၅၆ ကျည် ၁၈၈ တောင့်၊ MG-1 လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ကာအင်္ကျီ တစ်ထည်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းမှူးက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအတွက် သေနတ်တစ်လက်လျှင် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် သေနတ်နှစ်လက်အတွက် ကျပ်သိန်း ၁၀၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် လက်နက်မဲ့ အလင်းဝင် ရောက်လာသူ ငါးဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ငွေကျပ် သိန်း ၅၀ စုစုပေါင်း ချီးမြှင့်ငွေကျပ် ၁၅၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခဲ့ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများကိုယ်စား ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေ ဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် ပြန်လည်အကျိုးပြုလို ခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
PDF ထဲဝင်ရောက်တဲ့ခုနှစ်ကတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလဖြစ်ပါတယ်။ တောထဲ ရောက်တဲ့ အတွေ့အကြုံကတော့ အိမ်မှာနေရသလို မနေရဘူး။ အိပ်ကောင်းလည်း မအိပ်ရဘူး။ စားကောင်းလည်း မစားရဘူး။ ဟိုအထဲရောက်တဲ့အချိန်မှာ ထင်ထားတာနဲ့ တခြားစီဖြစ်နေတယ်။ နေရတာလည်း သိပ်အဆင်မပြေဘူး။ စိတ်တွေမွန်းကျပ်တယ်။ စိတ်ဆင်းရဲတဲ့ဒဏ်ကိုလည်း ခံရတာပေါ့။ ခဏခဏ လည်းငိုရတယ်၊ အိမ်ကိုလွမ်းလို့။ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ သုံးကြိမ်ကြိုးစားခဲ့တယ်။ နှစ်ကြိမ်က မအောင်မြင်ခဲ့ဘူး။ တစ်ကြိမ်တော့ လွတ်လာခဲ့တယ်။ အခုလို ဥပဒေဘောင်အတွင်း အလင်းဝင်လာတဲ့သူတွေကို အခုလို အစားအသောက်တွေ ကျွေးမွေးပေးတဲ့အပြင် ထောက်ပံ့ငွေ ပေးပြီး နွေးနွေးထွေးထွေးကြိုဆို တဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။ တောထဲကျန်ခဲ့တဲ့ PDF လူငယ်တွေကို ဥပဒေဘောင်အတွင်း အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းချင် ပါတယ်။

No comments