ပြင်သစ်သမ္မတ မက်ခရွန် ဂျပန်နိုင်ငံသို့ ရောက်ရှိ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်ဖွယ်ရှိ



ပါရီ မတ် ၃၁

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနီဒါ လေဆိပ်သို့ ရောက်ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ဝန်ကြီးချုပ် တာကာ အိချိ ဆာနေအဲနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည့် အပြင် ဧကရာဇ် နာရူဟီတိုနှင့်လည်း တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သိရသည်။


အဆိုပါ ခရီးစဉ်မှာ သမ္မတအဖြစ် ဂျပန်နိုင်ငံသို့ လေးကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ ယခင်ခရီးစဉ်မှာ ၂၀၂၃ ခုနှစ် မေလက ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သည့် ဂျီ - ၇ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် ခရီးစဉ်ဖြစ်သည်။


ပြင်သစ်နိုင်ငံသည် အီဗီယန်လဲဘိန်းစ်မြို့၌ လာမည့် ဇွန်လတွင် ဂျီ - ၇ ထိပ်သီးအစည်းအဝေး ကျင်းပရန် စီစဉ်ထားသည်။ ယင်းအစည်းအဝေးမတိုင်မီ ပြင်သစ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော ပဋိပက္ခ အခြေအနေများအပေါ် တုံ့ပြန်ရာတွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ထားသည်။


ထို့ပြင် ပြင်သစ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လည်း ရည်ရွယ်ထားသည်။ လာမည့်ဆွေးနွေး မှုများတွင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများမှာ အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်ဖွယ်ရှိ ကြောင်း ပြင်သစ်သမ္မတ ရုံးက ပြောသည်။


ပြင်သစ်နိုင်ငံသည် အရပ်ဘက်နျူကလီးယား စွမ်းအင်၊ အေအိုင်နည်းပညာနှင့် အာကာသနည်းပညာ များ အပါအဝင် ကဏ္ဍအသီးသီးတွင် ဂျပန်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်း စေရန် ကတိကဝတ်များကို ထပ်မံအတည်ပြုရန် လည်း စီစဉ်ထားသည်။

အင်န်အိတ်ချ်ကေ




No comments

Powered by Blogger.