Artemis II လူလိုက်ပါသည့် အာကာသယာဉ် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ
ဝါရှင်တန် ဧပြီ ၁၁
အမေရိကန်ဦးဆောင်သော
လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း၏ ပထမဆုံးလူလိုက်ပါသည့် အာကာသယာဉ်သည် လကမ္ဘာကို လှည့်ပတ်ပျံသန်းသည့်
ခရီးစဉ်ပြီးဆုံးပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း
အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Orion အာကာသယာဉ်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကမ်းလွန်ပစိဖိတ် သမုဒ္ဒရာထဲသို့
ဧပြီ ၁၁ ရက်တွင် ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု အမေရိကန် အာကာသအေဂျင်စီ
နာဆာက ထုတ်ပြန်ထားသည်။
ပစိဖိတ်သမုဒ္ဒရာထဲသို့
ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်ပြီးမကြာမီ လှေများနှင့် ရဟတ်ယာဉ် တစ်စင်းက အဆိုပါအာကာသယာဉ်အနီးသို့
ချဉ်းကပ်သွားခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ အာကာသယာဉ်မှူးလေးဦးသည်
ကျန်းမာရေးစစ်ဆေးမှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို
ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာ က ပြောသည်။
အဆိုပါ
အာကာသယာဉ်မှူးများသည် ၁၀ ရက် ကြာ Artemis II မစ်ရှင်၏ ခြောက်ရက်မြောက်နေ့တွင် ကမ္ဘာမြေမှ ၄၀၆၇၇၁ ကီလိုမီတာ အကွာအဝေးသို့
ရောက်ရှိခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘာ့သမိုင်းတစ်လျှောက်
လူသားများအဝေးဆုံးအကွာအဝေးသို့ သွားရောက်နိုင်သည့် ခရီးစဉ်အဖြစ်
စံချိန်မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းအကွာအဝေးသည်
၁၉၇၀ ပြည့်နှစ်က Apollo 13 ရောက်ရှိခဲ့သော ယခင်စံချိန်ထက်
၆၆၀၀ ကီလိုမီတာခန့် ပိုမိုရောက်ရှိခဲ့ကြောင်း သိရသည်။
စံချိန်မှတ်တမ်းသစ်မရေးထိုးမီ
Orion
အာကာသယာဉ်သည် လနှင့်အနီးဆုံးသို့ ချဉ်းကပ်နိုင်ခဲ့ပြီး
ကမ္ဘာမြေမှ မမြင်တွေ့နိုင်သော ချိုင့်ခွက်များအပါအဝင် ဓာတ်ပုံနှင့်
ဗီဒီယိုအများအပြားကို ရိုက်ယူနိုင်ခဲ့ကြောင်းသိရသည်။ Artemis စီမံကိန်းသည် လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်က Apollo အစီ အစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာကာသယာဉ်မှူးများ
လပေါ်သို့ ဆင်းသက်ရန် ရည်ရွယ်ထားသည်။
အင်န်အိတ်ချ်ကေ
No comments