ဘားအံမြို့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ဖွင့်လှစ်
ဘားအံ ဧပြီ ၈
သံလွင်မြစ်ရေကျချိန်တွင် ပေါ်ထွန်းလာသော
ဖြူလွလွသဲသောင်ပြင်ကြီးပေါ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို
ဧပြီ ၇ ရက် ညနေ ၄ နာရီက ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းညဈေးအနီးတွင် ကျင်းပသည်။
အဆိုပါသဲသောင်ပြင်သင်္ကြန်ကို မြန်မာသက္ကရာဇ်
၁၃၈၇ ခုနှစ် ကရင်ပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဝင်များနှင့်
တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး သဲသောင်ပြင်အကျယ်ဧရိယာ ၁၀ ဧကခန့်ရှိသော
နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ကရင်အနုပညာရှင်များနှင့်
ဒေသခံတေးသံရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်၊ ဧည့်ခံကျွေးမွေးရေးစတုဒိသာမဏ္ဍပ်၊
ဒေသထွက်ကုန်နှင့် အစားအစာများရောင်းချသော ဈေးဆိုင်ခန်းများ၊ လာရောက်ရေကစားသူများ အနားယူအပန်းဖြေနိုင်ရန်
တောင်ထန်းမိုးကာတဲများ၊ ပင်လယ်ဓားပြကစားကွင်း၊ ပျော့ပျော့အိအိကစားကွင်း၊ သံလွင်မြစ်အတွင်း
ရေကစားရန်ဧရိယာ၊ ရေနစ်မြုပ်မှုဘေးအန္တရာယ်ကာကွယ်ရေးပိုက်ကွန်များ၊ ရေပြင်သက်ကယ်အဖွဲ့များ၊
ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအဖွဲ့များဖြင့် အများပြည်သူအေးချမ်းပျော်ရွှင်စွာ၊
ဘေးအန္တရာယ်ကင်းရှင်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို
ကရင်ပြည်နယ် ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် သဲသောင်ပြင်သင်္ကြန်ဖြစ်ပြီး
ကရင်ပြည်နယ်၏ သဘာဝအလှတရားကိုထင်ဟပ်ပေါ်လွင်စေလိုသော၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ၊
အစားအသောက်များနှင့် ဧည့်ဝတ်ကျေပွန်မှုများကို
ထင်ဟပ်ပေါ်လွင်စေလိုသော ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံများနှင့်
အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
သဲသောင်ပြင်သင်္ကြန်မှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို
မထိခိုက်စေဘဲ ဒေသ၏ခရီးသွား လုပ်ငန်းအား အထောက်အကူပြုစေရန်မျှော်မှန်းပြီး ဒေသ၏ လက်မှုအထည်များ၊
ရိုးရာအစားအစာများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ
နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ကို ဧပြီ ၇ ရက်မှစတင်၍ ဧပြီ ၂၀ ရက်အထိ ၁၄ ကြာ စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments