ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 




နေပြည်တော် ဧပြီ ၂၇


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (တောင်ကြီး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ဦးစွာ နည်းပညာတက္ကသိုလ်(တောင်ကြီး)၏ စကေးကိုက် အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို မြေပြင် ကွင်းဆင်းစစ်ဆေးပြီး အဆောက်အအုံအသစ်များ ထပ်မံဖြည်းဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ဇုန်အလိုက် အစီအစဉ်တကျနှင့် စနစ်တကျ တည်ရှိနိုင်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ နောင်အနာဂတ်တွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် အခြေခံအဆောက်အအုံ လိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က တက္ကသိုလ်နှင့်စပ်လျဉ်း၍ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်ဆောင်ရွက်မည့် စာသင်ဆောင် များ၊ Lab ခန်းများ၊ အလုပ်ရုံများ၊ အသစ်တည်ဆောက်မည့် ကျောင်းသား ကျောင်းသူအဆောင်၊ ဒုတိယ ပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာများနှင့် ဆရာ ဆရာမအိမ်ရာများ ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးနှင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်နေစေရေး အစဉ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ် သန့်ရှင်း သာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)သို့သွားရောက်၍ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအစည်း အဝေးခန်းမတွင် ကျောင်းနှင့်စပ်လျဉ်းသည့် အချက်အလက် တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.