အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
နေပြည်တော် ဧပြီ ၂၇
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြား ရေးတာဝန်ယူကြမည့် ဆရာ ဆရာမများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြု ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၌ ကျင်းပသည်။
မွေးထုတ်ပေးနိုင်မည်
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်း အမြစ်များ ရရှိစေရေးအတွက် အခြေခံပညာ အလယ်တန်းအဆင့် (Grade - 6 ၊ 7 ၊ 8 ၊ 9)အတန်းများ ကပင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိလာစေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ သင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိလာသည့် ပညာရပ်ဆိုင်ရာ ဗဟုသုတများအပေါ် မူတည်၍ ရွေးချယ်လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို Grade-10 ၊ Grade-11 ၊ Grade-12 အဆင့်တွင် ဆက်လက်သင်ယူပြီး သက်ဆိုင်ရာ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် တက်ရောက်သင်ယူကာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း။
စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသော လူ့စွမ်းအား အရင်းအမြစ်များကို သင်ကြား လေ့ကျင့် မွေးထုတ်ပေးကြမည့် ဆရာ ဆရာမများ အနေဖြင့် မိမိ တို့၏တပည့်များ ထူးချွန်ထက်မြက်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသည့် နာသုံးနာကို အခြေခံထားပြီး ဆရာစိတ်ဓာတ် မွေးမြူကာ မိမိတို့ တတ်မြောက် ထားသည့် အတတ်ပညာ၊ လေ့လာခဲ့သော အတွေ့အကြုံ ဗဟုသုတများကို အခြေခံပြီး တပည့် ကျောင်းသား ကျောင်းသူများကို အကောင်းဆုံးလေ့ကျင့် ပြုစု ပျိုးထောင်းပေးနိုင်ရန် ကြိုးပမ်းကြ စေလိုကြောင်း ပြောကြားသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဖွင့်လှစ်သည့် ယခုသင်တန်းသည် စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထူးပြု ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းသား သင်တန်းသူ ၃၈၁ ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် သရက်ကွင်း ကျေးရွာအနီး၌ အသစ် တည်ဆောက်လျက်ရှိသည့် ဆင်သေရေလွှဲဆည် တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၇ ခုနှစ် မိုးရာသီအမီ လုပ်ငန်းများ ပြီးစီးရေး၊ ပုံစံ(၇)ရှိပြီး လယ်မြေများအတွက် လယ်မြေများ စနစ်တကျ ဖော်ထုတ်ပေးခြင်းကို အုပ်ချုပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား)ရှိ မျိုးစေ့စမ်းသပ်စိုက်ပျိုးကွင်း၌ ရွှေတောင်-၁၀ နှင့် RAKA 666 ဝါမျိုး နှစ်မျိုး စပ်းသပ်စိုက်ပျိုးထားမှုကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အကြိမ်ကြိမ် ဝါဆွတ်ဝါကောက်ခြင်းနှင့် တစ်ကြိမ်တည်းအပြီး ဝါကောက်သိမ်းခြင်းတွင် ဝါအထွက်နှုန်းနှင့် အကျိုးအမြတ်တူနိုင်သော်လည်း ဝါစိုက်ပျိုးဆွတ်ခူးချိန် ကာလတိုခြင်း၊ တစ်ဧက အထွက်နှုန်းကို တစ်ကြိမ်တည်းဖြင့် အမှန်ရရှိစေနိုင်ခြင်း၊ လုပ်သားရှားပါးမှု အခက်အခဲကို တောင်သူများ ကျော်လွှားနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments