နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး လမ်းညွှန်မှာကြား ချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရုံးအမှတ် (၁၆) စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များကို ဝန်ကြီးဌာနရှိ အဓိက မောင်းနှင်အားများဖြစ်ကြသော ဝန်ထမ်းများအားလုံး သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခု အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ကောင်းမွန်ရန်လိုအပ်ပြီး ကျေးလက် နေပြည်သူများ အဓိကလုပ်ကိုင်နေကြသည့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် ရန်လိုကြောင်း၊ သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး၍ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း။
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ဆိုလာစနစ် လျှပ်စစ်ဓာတ်အားရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြု၍ ပြည်ပ သို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရေး၊ အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး သမ/ကျေးလက်ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံး ရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် သွင်းအားစုများကို တောင်သူလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာ၊ လုံလောက်စွာဖြင့် အချိန်မီ ရောက်ရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
တင်ဒါခေါ်ယူရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေ ရေးဆောင်ရွက်သွား ကြရန်၊ လုပ်ငန်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျသုံးစွဲကြရန် မှာကြားခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အလုပ်အပေါ် ဂုဏ်ယူတတ် စေရန်နှင့် စေတနာထားကာ တာဝန်သိသိ သစ္စာရှိရှိဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments