မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတပြန်လည်ဖွံ့ဖြိုးရန် ဖမ်းဆီးရေးထက် မွေးမြူရေးကို ပိုမိုလုပ်ဆောင်ရန် လိုအပ်

 



ရန်ကုန် ဧပြီ ၂၁


လွန်ခဲ့သောနှစ်ပေါင်း ၃၀ နှင့် နှိုင်းယှဉ်ပါက မြန်မာ့ပင်လယ်ပြင်တွင် ရေသယံဇာတရှင်သန် တည်ရှိမှု ကျဆင်းလာပြီဖြစ်ရာ ရေထွက်ကုန်ပြတ်လပ်မှုကို အချိန်မီ ကုစားနိုင်ရေးနှင့် ငါးသယံဇာတ ပြန်လည်ဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးရေးထက် မွေးမြူရေးကို ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။


မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတတည်ရှိမှုကို ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ပြုလုပ်သည့် စစ်တမ်းများအရ ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင် နှုန်းနှင့် ရေအောက်ငါးသယံဇာတ ၆၀ ရာခိုင်နှုန်း ကျန်ရှိပြီး ၂၀၂၂ ခုနှစ် စစ်တမ်းများအရ ရေပေါ်ငါး သယံဇာတ ၃၀ ရာခိုင်နှုန်းနှင့် ရေအောက်ငါးသယံဇာတ ၃၀ ရာခိုင်နှုန်းသာတည်ရှိကြောင်း စစ်တမ်းများမှ ဖော်ပြထားသည်။ ထိုသို့ ငါးသယံဇာတကျဆင်းမှုသည် အလွန်အကျွံဖမ်းဆီးမှုနှင့် ပင်လယ်ပြင်ရေထု ညစ်ညမ်းမှုကြောင့်ဖြစ်ကြောင်း သိရသည်။


ပင်လယ်ရေထုညစ်ညမ်းမှု၏ ၈၀ ရာခိုင်နှုန်း သည် ကုန်းတွင်းနှင့် ကမ်းရိုးတန်းဒေသများမှ စွန့်ပစ် အမှိုက်များ၊ ပလတ်စတစ်၊ ဖော့၊ တစ်ခါသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာ၊ စက်မှုလုပ်ငန်းမှ စွန့်ပစ်ရေများ၊ မြို့ပြများမှ မိလ္လာရေများ၊ အမှိုက်နှင့် အညစ်အကြေး စွန့်ပစ်ရေများကြောင့်ဖြစ်ပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နော်ဝေသုတေသန အဖွဲ့(NIVA)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။



“ကမ္ဘာမှာ ရေထွက်ကုန်ပစ္စည်းကို သဘာဝ ဖမ်းဆီးရေးအပိုင်းကိုလျှော့ချပြီး မွေးမြူရေးကို ဦးစားပေးဆောင်ရွက်နေကြပါပြီ။ ကျွန်မတို့နိုင်ငံမှာလည်း မွေးမြူနေတာတွေရှိပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေရှိနေသေးတယ်။ ဘယ်လောက် မွေးမြူရင် ပင်လယ်ပြင်မှာ ငါးသယံဇာတ ဘယ်လောက်တိုးလာနိုင်တယ်ဆိုတာ သုတေသနပြု ဖို့လည်းလိုပါတယ်။ သဘာဝသယံဇာတရှားပါးလာ ချိန်မှာ ဆက်ပြီးထုတ်ယူနေရင် မျိုးပြုန်းမယ်။ ‌ပင်လယ်ပြင်မှာ လျော့နည်းသွားတဲ့ ရေသယံဇာတ ပြန်လည်ဖြည့်တင်းဖို့အတွက် ပင်လယ်ပြင်ထိန်းသိမ်း စောင့်ရှောက်မှုနဲ့ မွေးမြူရေးကဏ္ဍကို ဟန်ချက်ညီညီ လုပ်ဆောင်ဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။



မြန်မာနိုင်ငံသည် ငါးသယံဇာတကြွယ်ဝပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ ရေသယံဇာတပိုင်ဆိုင်မှု အဆင့်(၁၄)တွင်တည်ရှိကာ ရေချိုငါးထုတ်လုပ်မှုသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။

 

မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတတည်ရှိမှုကျဆင်းလာပြီဖြစ်ရာ ပြန်လည်ပြည့်ဖြိုးရေးအတွက် ရေထုညစ်ညမ်းမှုကိုကာကွယ်ခြင်း၊ ရေအောက် သန္တာကျောက်တန်းများ ထိန်းသိမ်းခြင်း၊ အလွန်အကျွံ ဖမ်းဆီးမှုကို ထိန်းချုပ်ခြင်းနှင့် ရေချို၊ ရေငန်ငါးပုစွန် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဆယ်စုနှစ်အတွင်း ရေသယံဇာတဖွံ့ဖြိုးမှုကို ပြန်လည်တွေ့မြင်နိုင်မည်ဟုလည်း ခန်းမှန်းထားသည်။

 

သတင်း- သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်

No comments

Powered by Blogger.