ကယားပြည်နယ်ဝန်ကြီးချုပ် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ ပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲ



လွိုင်ကော် ဧပြီ ၁၅

 

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုရေးရာဝန်ကြီးဌာနကိုယ်စားပြုသင်္ကြန် ပျိုမေယိမ်းအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု ပိတောက်ပျိုမေယိမ်းအဖွဲ့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ကိုယ်စားပြု ဝါရွှေတန်ခူး ယိမ်းအဖွဲ့နှင့် မင်္ဂလာမေယိမ်းအဖွဲ့တို့၏ ကပြယှဉ်ပြိုင်မှုများကိုလည်းကောင်း၊ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို လည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗဟိုမဏ္ဍပ်သို့ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးကာ လမ်းလျှောက် သင်္ကြန်တွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။

 

ယင်းနောက် ထမနဲသင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ မြန်မာ့ရိုးရာထမနဲထိုးနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြည်သူများအား ထမနဲစတုဒိသာများ ပေးဝေခဲ့ကြသည်။ ထို့နောက်သနပ်ခါးသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ကာ သနပ်ခါးလိမ်းခြယ်ရိုက်ကူးထားသည့် အလှဓာတ်ပုံများကို ကြည့်ရှုအားပေးပြီး “မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်” ဆုရွေးချယ်နိုင်ရေးအတွက် အလှဓာတ်ပုံများကို မဲပေးကြသည်။

 

မဟာသင်္ကြန်အကြတ်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် ဘော်လခဲမြို့ပေါ် ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များ၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး စေတနာရှင် အလှူရှင်များက စတုဒိသာကျွေးမွေးကုသိုလ်ပြုကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.