ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော မြေပဲဧကအားလုံး ရာနှုန်းပြည့်နှုတ်သိမ်းပြီးစီး



ပွင့်ဖြူ ဧပြီ ၂၆

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော မြေပဲဧကအားလုံး ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးနိုင်ခဲ့

 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲ ၃၁၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါမြေပဲစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဇန်နဝါရီလမှ စတင်နှုတ်သိမ်း ဆောင်ရွက်ခဲ့ရာ ယနေ့တွင် မြေပဲဧကအားလုံးကို ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၄ ဒသမ ၆၀ ထွက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီတွင် မြေပဲစိုက်ပျိုးတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ GAP စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

 

ပြည်သူများ စားသုံးဆီဖူလုံရေးနှင့် တောင်သူဦးကြီးများအတွက် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မြေပဲမျိုးများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

No comments

Powered by Blogger.