ဒုတိယဝန်ကြီး ဦးညီညီ အောင်ဆန်းအားကစားပြိုင်ဝင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကြည့်ရှုအားပေး



ရန်ကုန် ဧပြီ ၂၆

 

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင်၊ မြောက်ဘက်ပွဲကြည့်စင်၊ အနောက်ဘက်ပွဲကြည့်စင်၊ အထူးတန်းပွဲကြည့်စင်နှင့် တောင်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသောအဆောက်အအုံ အနေအထားများ၊ ဘော်လီဘောအားကစားရုံ၊ အမျိုးသား/အမျိုးသမီး အားကစားသမား အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ လျာထားသတ်မှတ်ထားသည့် အပိုင်းလိုက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံ လေလုံအားကစားရုံသို့ ရောက်ရှိပြီး ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၌ မှော်ဘီဘော်လီဘောအသင်း နှင့် အင်းစိန်ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.