မြောက်ဥက္ကလာပမြို့နယ်၌ စာအောင်သံဃာတော်များ အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ပြုလုပ်

 


ရန်ကုန် ဧပြီ ၉

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် (င)ရပ်ကွက် သံဃနာယကအဖွဲ့နှင့် မြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော (င)ရပ်ကွက်၏ ပရိယတ္တိဂုဏ်ဆောင် စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ခြင်း ဂုဏပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက (င)ရပ်ကွက် ရန်အောင်ကျောင်းတိုက်ဝင်းအတွင်း ဆောင်ရွက်သည်။

 

အခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွင်း မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်မှ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊ လင်္ကာဘွဲ့ရ အောင်မြင်တော်မူကြသည့် စာအောင်သံဃာများအား (င)ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့နယ် Y M B A အသင်းကြီး၏ ဩဝါဒါစရိယ သာသနဓဇ ဓမ္မာစရိယ မင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဓမ္မ (ခ) ဓမ္မဒီပ- အသျှင်ဉာဏောဒယ၏ စီစဉ်မှုဖြင့် အောင်လက်မှတ်နှင့်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ယင်းနောက် ဒုတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာ ဗုဒ္ဓ၀င် နှင့် ၃၈ ဖြာမင်္ဂလာ သုတဓမ္မ ဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်‌ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းမင်းဦး၊ ခရိုင်/မြို့နယ် YMBA အသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 သက်လွင်စိုး (ပြန်/ဆက်)

No comments

Powered by Blogger.