တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ
ဘားအံ ဧပြီ ၇
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၂ ဦးအနက် ၂၁ ဦး တက်ရောက်ကြသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးစောမြင့်ဦးက ပြည်နယ် လွှတ်တော်တွင် အတည်ပြုထားသော ပြည်နယ်ဝန်ကြီးဌာနများတွင် ဝန်ကြီးများအဖြစ် ခန့်အပ်နိုင်ရန် အမည်စာရင်းများကို ပြည်နယ်လွှတ်တော်သို့တင်ပြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ စီမံကိန်းစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးညီညီဇော်၊ လူမှုရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးစောထွန်းအောင်၊ လျှပ်စစ်စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးစောမျိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးအောင်လွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးစယဉ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောခေါင်ပန်ထော့တို့ကို ပြည်နယ် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးအရေး ဆောင်ရွက်ရန်အတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးတင်မောင် လှိုင်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးမင်းမျိုးမြင့်နိုင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးခွန်မြတ်ထူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့တင်ပြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကို ရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်နယ်ဥပဒေချုပ်အဖြစ် ဒေါ်နော်သန်းသန်းငြိမ်း၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဦးအောင်စိုးတို့၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့တင်သွင်းရာ ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသည့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂)ဦးအဖြစ် ဒေါ်ခင်စိမ်းဝင်းနှင့် ဒေါ်နွဲ့နွဲ့ဦးတို့ကို ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးပေးပို့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာ ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments