တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ



မြစ်ကြီးနား ဧပြီ ၇

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက ဝန်ကြီးဌာန ခုနစ်ခု၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သူရကို လည်းကောင်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးတိန့်ဆောင်ကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကျော် မင်းခိုင်ကိုလည်းကောင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးအောင်နိုင် ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးချန်တန်ခင်ကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာအောင်ဝင်းကိုလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးရဲရင့်ဆွေကိုလည်းကောင်း ပြည်နယ်လွှတ်တော်သို့ အဆိုပြုတင်သွင်း လာမှုအပေါ် လွှတ်တော်ဆွေးနွေးနိုင်ရေး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။


ထို့အတူ ကချင်ပြည်နယ်ဥပဒေချုပ်အဖြစ် ဒေါ်နန်းလှလှအေးကိုလည်းကောင်း၊ ကချင်ပြည်နယ် စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်လေးနွယ်ကိုလည်းကောင်း ခန့်အပ်တာဝန်ပေးနိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရသူက အဆိုပြုလာမှုအပေါ် လွှတ်တော်ကဆွေးနွေးနိုင်ရေး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ထပ်မံကြေညာသည်။


ယင်းနောက် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက် ခံထားရသူက အဆိုပြုလာသည့် ဒေါ်အေးအေးမော်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့် ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြုလာသည့် ဦးအောင်မြင့်၊ ဒေါ်ပြုံးပြုံးကြည်၊ ဒေါ်ခင်ပြုံးရီ တို့၏ အမည်စာရင်းများအား လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် လွှတ်တော်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်သည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.