တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
ထားဝယ် ဧပြီ ၇
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခန့်ထားခံရသူက အဆိုပြုလာသည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ၍ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား လုံးက ကန့်ကွက်ရန်မရှိသဖြင့် အဆိုပါပုဂ္ဂိုလ် ရှစ်ဦးကို တိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်ထားခံရသူက အမည်စာရင်းတင်သွင်း အဆိုပြုထားသည့် ဦးထိန်လင်း ကျော်ကိုလည်းကောင်း၊ တိုင်းဒေသကြီးစာရင်းချုပ်အဖြစ် ဒေါ်ဌေးဌေးမြင့်ကိုလည်းကောင်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက် အေးကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီးများအဖြစ် ဒေါ်အေးအေးသန်းနှင့် ဒေါ်ရင်ရင်သန်းတို့ကိုလည်းကောင်း သက်ဆိုင်ရာ ရာထူးအသီးသီး၌ တာဝန်ပေးရန် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က သဘောတူ ကြောင်းဆုံးဖြတ်ပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။
မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ ဥပဒေပြု ရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့၏ အဖွဲ့ဝင် ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍လွှတ်တော်သို့ ရှင်းလင်းတင်ပြကာ လွှတ်တော်၏ အတည်ပြုချက် ရယူဆောင်ရွက်ရာ လွှတ်တော်က အတည်ပြုပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)’

No comments