တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ



မုံရွာ ဧပြီ ၇


တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထား ရသူက တင်ပြလာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခန့်အပ်နိုင်ရေးအတွက် အဆိုပြုချက်ကို လွှတ်တော်သို့တင်ပြခြင်းနှင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်း တင်သွင်း နိုင်ကြောင်းကြေညာရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် လေးဦးက တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးဌာန ခုနစ်ခုနှင့် ဝန်ကြီး ခုနစ်ဦး နည်းသည့်အတွက် ထပ်မံတိုးချဲ့ခန့်အပ်နိုင်‌ရေး ‌တင်ပြဆွေးနွေး‌လာမှုအပေါ် လွှတ်တော်က မှတ်တမ်းတင်ထားရှိကာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက တင်ပြလာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခန့်အပ်နိုင်ရေးအတွက် အဆိုပြုချက်ကို တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော် က သဘောတူအတည်ပြုကြောင်း ကြေညာသည်။


ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက တင်ပြ လာသည့် တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဒေါ်လှလှ ဝင်း အမည်စာရင်း အဆိုပြုချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်မြင့်မြင့်သိန်း အမည်စာရင်း အဆိုပြုချက်ကိုလည်းကောင်း၊ တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်အဖြစ် ဦးဇော်ထူးကို ခန့်အပ်နိုင်ရေးအတွက် ပေးပို့လာသော အဆိုပြုချက် ကို တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက တင်ပြ လာသည့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးဟန်သိန်း၊ ဒေါ်မိမိစိန်နှင့် ဦးခင်မောင်သိန်းတို့၏ အမည်စာရင်းအဆိုပြုချက်ကို တိုင်း‌ဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူ ရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။


ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ကြောင်းနှင့် အစည်းအဝေးဆဋ္ဌမနေ့ကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.