သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်မှု (မြန်မာ့အလင်း)
အုပ်ချုပ်မှုစနစ် (Governance) ဆိုသည်ကို “ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်စဉ်နှင့် ချမှတ်ထားသော ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်မှု ရှိ မရှိ လုပ်နည်းစဉ်” ဟူ၍လည်းကောင်း၊ “လုပ်ကိုင် ဆောင်ရွက်မှု နည်းလမ်း သို့မဟုတ် အုပ်ချုပ်မှုစွမ်းပကား” ဟူ၍လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို သမားရိုးကျမဟုတ်ဘဲ ကောင်းမွန်သည့် လူ့အဖွဲ့အစည်း ဖြစ်လာစေရန်အတွက်မူ သမားရိုးကျမဟုတ်သော ကောင်းမွန်သည့် အုပ်ချုပ်ရေး (Good Governance) လိုအပ်မည် ဖြစ်သည်။
အစိုးရနှင့်အုပ်ချုပ်ရေးဆိုင်ရာ
အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ရေးရာဝန်ဆောင်မှုများ
ပြုလုပ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင်လည်းကောင်း
ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်လိုသည်။ အုပ်ချုပ်ရေးစနစ်
ကောင်းမကောင်းဆိုသည်ကို စားဝတ်နေရေး ပြေလည်ရေးနှင့် စားရေရိက္ခာဖူလုံမှု (sufficient
food) ရှိမရှိ၊ အိမ်ရာလုံလောက်မှု (adequate
housing) ရှိမရှိ၊ အရည်အသွေးပြည့်ဝသည့် ပညာရေး (quality
education) ရှိမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေး (right to
health) ရှိမရှိ၊ တရားမျှတမှုနှင့်
ပုဂ္ဂိုလ်ရေးရာလုံခြုံမှု (fair justice and personal security) ရှိမရှိ ဟူသော အခြေခံအချက်ငါးချက်နှင့် တိုင်းတာသည်ဟု
ဆိုသည်။ Governance ဟူသည် အခွင့်အာဏာကို
ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်ရာ နိုင်ငံတော်၏ ကဏ္ဍ အသီးသီး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အာဏာကို ကောင်းစွာကျင့်သုံးဆောင်ရွက်ခြင်းသည် Good
Governance ပင်ဖြစ်သည်။
ကောင်းမွန်သည့်
အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ကြသူများမှာ နိုင်ငံတော် (The state) အပိုင်းမှ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊
၎င်းအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ
အားလုံးပါဝင်သည်။ နိုင်ငံ့ဝန်ထမ်းများဆိုသည်မှာ နိုင်ငံကို တာဝန်ယူရသည့်
အစိုးရနှင့် အစိုးရကချမှတ်သည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ကြရသူများ ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်း တစ်ဦးချင်းစီတိုင်းတို့မှာ
အရည်အသွေးမြင့်မားရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်ရန်၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို
လေးစားလိုက်နာကြရန်လိုသည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ
စည်းကမ်းလိုက်နာ၊ ကျင့်ဝတ်စောင့်ထိန်းပြီး တာဝန် ကျေပွန်သော ဝန်ထမ်းကောင်းများဖြင့်
ကောင်းမွန်သည့်အုပ်ချုပ်ရေးကို ဖော်ဆောင်ကြရမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင်
ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ဖော်ဆောင်ကြရာ၌ ပုဂ္ဂလိကကဏ္ဍ (private
sector) သည်လည်း အရေးပါသည်။ နိုင်ငံစီးပွားရေး၏ အဓိကမောင်းနှင်အားမှာ
ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ရှိနေပြီး ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်
ဝန်ဆောင်မှုကဏ္ဍများမှနေ၍ နိုင်ငံ့စီးပွားမြင့်မားအောင် အထောက် အကူပြုခြင်း၊
ငွေကြေးစနစ်များ ခေတ်မီတိုးတက်စေခြင်း၊ စက်မှုနှင့် နည်းပညာများ တင်သွင်းရယူခြင်း၊
အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေခြင်း စသည်ဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင်
အထူးအရေးပါသည်။ ပုဂ္ဂလိကကဏ္ဍသည်လည်း နိုင်ငံ၏ပင်မစွမ်းအား တစ်ရပ်ပင်ဖြစ်ရာ
ကောင်းမွန်သည့်အုပ်ချုပ်ရေးတွင် ပုဂ္ဂလိက အဖွဲ့အစည်းအားလုံးကလည်း
အစိုးရအဖွဲ့အစည်းများကဲ့သို့ပင် အကောင်အထည်ဖော်ကြရမည်ဖြစ်ပြီး ကောင်းမွန်သော
အစိုးရ- ပုဂ္ဂလိက ဆက်ဆံရေး (public-private relationship) ဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာစေရန်
တည်ဆောက်ကြရမည်ဖြစ်သည်။
ကောင်းမွန်သည့်
အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ရာတွင် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊
အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အကျိုးအမြတ်မရှာသော
အဖွဲ့အစည်းများ အစရှိသည့် လူမှုအဖွဲ့အစည်း (civil society) များလည်း ပါဝင်သက်ဆိုင်လျက်ရှိ သည်။ Good Governance ၏ စံနှုန်းများဖြစ်သည့် ပွင့်လင်းမှု၊ တာဝန်ခံမှု၊ ဥပဒေများနှင့်ညီညွတ်မှု၊
ပြည်သူလူထု၏ဆန္ဒကို အလေးထားမှု စသည်တို့နှင့်အတူ ကောင်းမွန်သည့် အကျင့်စရိုက်၊
အလေ့အထများ လူမှုအဖွဲ့အစည်းများအတွင်း၌လည်း စိမ့်ဝင်စွဲမြဲနေစေဖို့လိုသည်။
နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် အစိုးရ၏ မူဝါဒချမှတ်
ဦးဆောင်မှုနှင့်အတူ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးနှင့်
လူမှုအဖွဲ့အစည်းများ အားလုံးတို့က စိတ်ဓာတ် မြင့်မားစွာဖြင့် အားသွန်ခွန်စိုက်
ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံ၏ အနာဂတ်ကို
အကောင်အထည်ဖော်ရာတွင် သမိုင်းကို သင်ခန်းစာယူကြရစမြဲဖြစ်ရာ အချိန် ကာလအားဖြင့်
ဝေးလံသည့် သမိုင်းမဟုတ်သော မိမိတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ ထဲ၌ပင်
သင်ခန်းစာယူစရာတို့ ရှိနေသည့်အလျောက် “သန့်ရှင်းသည့် အစိုးရ၊
ကောင်းမွန်သည့်အုပ်ချုပ်မှု” ဖြစ်ရန် မိမိတို့အားလုံး ကြိုးပမ်း
ဆောင်ရွက်ကြရပါမည့်အကြောင်း။
No comments