ဒေသတွင်း ကုန်းတွင်းကုန်သွယ်ရေးလမ်းကြောင်း၌ တိုးတက်ပါဝင်ချိတ်ဆက်နိုင်ပါက ကုန်သွယ်မှုအပြင် ပြည်သူချင်းဆက်ဆံရေးပါ တိုးမြှင့်တည်ဆောက်နိုင်မည်
ခင်ရတနာ
ပြီးခဲ့တဲ့နှစ်လယ်ပိုင်း
ဆောင်းဦးရာသီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတို့ နယ်နိမိတ် ထိစပ်နေတဲ့ဒေသကို
လေ့လာခွင့်ရခဲ့ပါတယ်။ နယ်စပ်ဆိုတဲ့အတိုင်း တစ်ဖက်က ဗီယက်နမ်နယ်နိမိတ် စည်းရိုးနဲ့
တရုတ်နယ်နိမိတ် တံတိုင်းတွေဟာ ဆောင်းဦးမှာကျရောက်တဲ့ နှင်းမြူတွေအကြား
ငွားငွားစွင့်စွင့် တည်ရှိနေတာပေါ့။ နှစ်နိုင်ငံကို ခြားနားထားတဲ့ ယွမ်မြစ် (ဗီယက်နမ်အခေါ်
ဟောင်မြစ်) က အားမာန်အပြည့်နဲ့ စီးဆင်းနေပါတယ်။ မြစ်အပေါ်မှာတော့ နှစ်နိုင်ငံ
နယ်စပ်ဂိတ်တည်ရှိပါတယ်။
နယ်စပ်ဂိတ်ကို
မရောက်ခင် ကုန်သွယ်ရေးစခန်း ကို ဖြတ်သန်းသွားရပြီး အဲဒီမှာတော့ များပြားလှတဲ့
ကုန်တင်ကားတွေက တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကို ဖြတ်သန်းသယ်ယူပို့ဆောင်ဖို့အတွက်
ပြင်ဆင် နေကြတာတွေ့ရတယ်။ ကားလမ်းနဲ့ သိပ်မကွာလှတဲ့ နေရာတစ်လျှောက်မှာ
ရထားလမ်းအချို့နဲ့ ကုန်တင် ရထားအချို့ ခုတ်မောင်းသွားတာကိုလည်း သတိပြုမိပါတယ်။
ပုံမှန်ကုန်သွယ်ရေး တည်ငြိမ်စွာ တိုးတက်နေတဲ့ တရုတ် - ဗီယက်နမ် ကုန်သွယ်မှု
တစ်စွန်းတစ်စကို မြင်တွေ့ခွင့်ရတဲ့အခါ မိမိတို့နိုင်ငံ အတွက်လည်း
ဖြန့်ကြက်အတွေးစတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ယူနန်ပြည်နယ်ကနေ
ခေတ္တနေထိုင်ရာ ပေကျင်းကို အပြန်ခရီး ကျည်ဆန်ရထားစီးနင်းရင်း တရုတ် နိုင်ငံနဲ့
အိမ်နီးချင်းဖြစ်တဲ့ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့အကြားမှာ ဖွံ့ဖြိုးလာနေတဲ့
ကုန်းတွင်းကုန်သွယ် ရေးလမ်းကြောင်းတွေအကြောင်းကို ဆက်စပ်အတွေးနယ်ချဲ့နေမိတယ်။
ကုန်းတွင်းဆိပ်ကမ်းတွေနဲ့ ရထား–ကားပေါင်းစပ် Logistics စနစ် အတော်များများ တရုတ်နိုင်ငံကို ရောက်ရှိခဲ့စဉ် လေးလခွဲ အတွင်းမှာ
အတော်လေး လေ့လာခွင့်ရခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနဲ့ ကုန်သွယ်မှုအနေနဲ့ ၂၀၂၄
ခုနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ ကျော်ရှိခဲ့ပြီး
ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုဟာ အရှိန်အဟုန်နဲ့ မြင့်မားနေတာကိုလည်း သိရှိခဲ့ပါတယ်။
“အရှေ့တောင်အာရှက
အရင်က ပင်လယ် ဆိပ်ကမ်းအခြေခံကုန်သွယ်ရေးကို အဓိကထားပါတယ်။ ဒါပေမယ့်
အခုနောက်ပိုင်းမှာ ကုန်းတွင်း လမ်းကြောင်းတွေကလည်း အရေးပါတဲ့ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း
ဖြစ်လာခဲ့ပါပြီ။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative ကြောင့် လာအို၊ ဗီယက်နမ်နဲ့ မြန်မာတို့ကလည်း Regional Logistics Network ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပါတယ်။ လာအိုနဲ့
ဗီယက်နမ်နိုင်ငံတွေမှာ အကောင်အထည်ပေါ်နေပေမယ့် မြန်မာနိုင်ငံကတော့ မကြာမီ ကျယ်ကျယ်ပြန့်ပြန့်
စတင်နိုင်မယ်လို့ သုံးသပ်ရပါတယ်”ဟု တရုတ်နိုင်ငံ အခြေစိုက် BEIBU GULF
Port Group ရဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။
တရုတ်နိုင်ငံ
ယူနန်ပြည်နယ်နဲ့ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကို သွားရောက်လေ့လာခွင့်
ရခဲ့စဉ်မှာ ကုန်းတွင်းဆိပ်ကမ်း (Dry Ports) တွေကို အများအပြား တွေ့မြင်ခဲ့ရသလို ဒါတွေဟာ နယ်စပ် ကုန်သွယ်ရေးအတွက်
အထူးအရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ဦးစားပေးအဆင့်မြှင့်တင်ကြောင်းကို လည်း
ပြည်နယ်တာဝန်ရှိသူတွေထံက သိရှိရပါတယ်။ “ကွမ်ရှီးက စိုက်ပျိုးရေးကို အခြေခံတဲ့ဒေသပေါ့။
အချို့နေရာတွေမှာ သကြားအခြေခံ ကြံစိုက်ခင်းတွေ အများအပြားရှိတယ်။ ထုတ်ကုန်ရှိတဲ့နေရာမှာ ကျွန်တော်တို့က
တန်ဖိုးမြှင့်စက်ရုံတွေ တည်ဆောက်ဖို့ တွန်းအားပေးသလို တစ်ဖက်မှာလည်း ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်ပေးနိုင်တဲ့
စနစ်ကောင်းရှိဖို့ ဖန်တီးပေးရပါတယ်။ ကုန်းတွင်း ဆိပ်ကမ်းတွေရဲ့ အားသာချက်က ကား၊ ရထား၊
သင်္ဘောပေါင်းစပ်ထားတဲ့ စနစ်ဖြစ်လို့ အတော်လေး အဆင်ပြေလွယ်ကူလာခဲ့ပါတယ်။ ဒါကြောင့်
ကုန်းတွင်း ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်ပေးထားခြင်း ဖြစ်တယ်”ဟု ကွမ်ရှီးပြည်နယ်က
ပြန်ကြားရေး ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
လေ့လာမိသလောက်
တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ်ကတည်းက စတင်လည်ပတ် ပြေးဆွဲခဲ့တာဖြစ်ပြီး
လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ရထားလမ်းကို နေ့စဉ်စီးနင်းသူအရေအတွက်
တရုတ်နိုင်ငံဘက်မှာတင် ၆၅၀၀၀ ခန့်နဲ့ လာအို နိုင်ငံဘက်မှာ ၈၀၀၀ ကျော် ရှိတယ်လို့
မှတ်သားခဲ့ဖူး ပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်-လာအို ရထားလမ်း ကနေ ကုန်တန်ချိန် သန်း
၃၀ ကျော် သယ်ဆောင် နိုင်ခဲ့တယ်လို့ သိရှိရပြီး ယနေ့အချိန်မှာတော့
သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုအဖြစ်
ရပ်တည်နေခဲ့ပြီဖြစ်ပါ တယ်။
နေ့စဉ်
တရုတ်နိုင်ငံကဘက်က စက်ပစ္စည်း၊ ဓာတ်မြေဩဇာနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ
အများဆုံးတင်ပို့ပြီး လာအိုနိုင်ငံဘက်က သစ်သီးဝလံ၊ ရော်ဘာနဲ့ သစ်တောထွက်ပစ္စည်းတွေ
အများဆုံး တင်ပို့ပါတယ်။ ထို့အတူ တရုတ် - ဗီယက်နမ် ရထားလမ်းကနေ အထည်ချုပ်၊ သစ်သီးဝလံနဲ့ စားသောက်ကုန်များတင်ပို့ပြီး တရုတ်နိုင်ငံဘက်က
အီလက်ထရွန်နစ်နဲ့ နည်းပညာမြင့်ပစ္စည်းတွေ တင်ပို့မှုကလည်း အလွန်များပြားပါတယ်။
ဒါကြောင့် ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန်က နိုင်ငံဂျီဒီပီရဲ့ ၇၀
ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်က
အစီရင်ခံစာအရ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှု
အကြိမ်ရေ ၇၀၀၀ နီးပါးရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန်
၅ ဒသမ ၅၅ သန်းကျော် ရှိခဲ့ပါတယ်။ အထူးသဖြင့် ယူနန်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ
ကုန်စည် ပို့ဆောင်ရေး ရထားပြေးဆွဲမှုအကြိမ်ရေနဲ့ ကုန်စည်ပို့ဆောင်မှုပမာဏက
တစ်နိုင်ငံလုံး စုစုပေါင်းရဲ့ ၇၀ ကနေ ၉၀ ရာခိုင်နှုန်းကျော် အသီးသီး ရှိခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်ရထားလမ်းဟာ
သာမန် ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းနဲ့ နှိုင်းယှဉ် မယ်ဆိုရင်
ပိုမိုအဆင်ပြေထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ
ကူမင်းမြို့ကနေ ထွက်ခွာတဲ့ ကုန်စည်ရထားဟာ ဗီယင်ကျန်း မြို့အထိ အရောက် ၂၆
နာရီသာကြာမြင့်ပြီး ကုန်းလမ်းက ကားနဲ့ သယ်ယူပို့ဆောင်တာထက် နှစ်ရက်ကနေ သုံးရက်အထိ
သက်သာစေလို့ ကုန်ကျစရိတ်များစွာ လျော့နည်း သက်သာစေပါတယ်။ တရုတ်နိုင်ငံက
နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ နိုင်ငံတကာ ရထားလမ်းတွေဖြစ်တဲ့ ရှန်ဟိုင်း-ယူနန်- လန်ချန်း-မဲခေါင်လမ်းနဲ့
တရုတ်-လာအို အအေးခန်း ကုန်တွဲ အထူးရထားလမ်းတွေဟာ ဒေသတွင်းပို့ဆောင်ရေးကို
သိသိသာသာမြှင့်တင်ပေးနိုင်ခဲ့သလို တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေအကြား
ကုန်းလမ်းကနေ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အဓိက လမ်းကြောင်းတွေအဖြစ်
အရေးပါလာခဲ့ပါတယ်။
မိမိတို့နိုင်ငံမှာ
MSME
ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အစိုးရက
တွန်းအားပေးလုပ်ဆောင်လျက်ရှိသလို နိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုး
မွေးမြူရေးထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်လုပ် နိုင်ဖို့လည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်ပကို တင်ပို့ရာမှာ သဘာဝထုတ်ကုန်တွေကို တင်ပို့ရာကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ
ထုတ်လုပ် ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ လို
တန်ဖိုးမြှင့်ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုအချိုး တိုးမြှင့်ဖို့
ကြိုးပမ်းဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့
စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု တန်ဖိုးဟာ နိုင်ငံတကာသုတေသန အချက်အလက် တွေအရ
အမေရိကန်ဒေါ်လာ ၅ ဘီလီယံကနေ ၆ ဘီလီယံခန့်ရှိပေမယ့် တင်ပို့သမျှရဲ့ ၈၀
ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းက မူရင်းထုတ်ကုန်တွေသာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးထွက်ကုန်တွေကို တန်ဖိုး မြှင့် အစားအစာတွေအဖြစ် ထုတ်လုပ်နိုင်ခဲ့ရင်၊
စနစ်တကျထုပ်ပိုးမှုနဲ့ ပေါင်းစပ်မြှင့်တင်နိုင်မယ် ဆိုရင် သိုလှောင်စဉ်နဲ့
သယ်ယူပို့ဆောင်စဉ်တွေမှာ ဆုံးရှုံးမယ့် လေလွင့်ဆုံးရှုံးမှုတွေကို ၂၀ ကနေ ၃၀
ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ပို့ကုန်အရည်အသွေး တွေလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်တွင်းထုတ်ကုန်တွေကို အဆင့်မြှင့်တင်မှုတွေ တွင်တွင်ကျယ်ကျယ်
ပြုလုပ်လာကြပေမယ့် ဈေးကွက် ဝေစုရရှိမှုမှာတော့ အားနည်းနေသေးတယ်လို့ ယူဆမိပါတယ်။
လာအိုနိုင်ငံလို
ပင်လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံမျိုးမှာတောင် ကုန်တင်ရထားပို့ဆောင်ရေးကနေ ပို့ကုန်ကဏ္ဍကို
မြှင့်တင်နိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဟာလည်း ကုန်းတွင်းသယ်ယူပို့ဆောင်ရေး
တွင်ကျယ် လာတာနဲ့အမျှ နိုင်ငံရဲ့ဂျီဒီပီကို များစွာမြင့်မားစေခဲ့တာတွေကိုလည်း
သတိပြုဖို့လိုအပ်တယ်လို့ ယူဆမိ ပါတယ်။ ထို့အတူ ကုန်းတွင်းရထားဆိုက်ကပ်ရာ
မြို့တွေဟာ စီးပွားရေးမြို့တွေအဖြစ် ဖွံ့ဖြိုးမှု ပြောင်းလဲလာနိုင်တာကြောင့်
စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကိုလည်း အလိုအလျောက်တွန်းအားပေး တဲ့
အခြေအနေတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ကုန်ပစ္စည်းတွေ စုစည်းရာအချက်အချာဖြစ်လာတာ
နဲ့အမျှ ဒေသဖွံ့ဖြိုးတိုးတက်မှုကနေ စက်မှုဇုန်တွေအဖြစ် တိုးတက်ပြောင်းလဲလာတာကို
တရုတ်နိုင်ငံရဲ့ ဒေသအများအပြားမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအခါ
သယ်ယူပို့ဆောင်ရေးစရိတ်ကို လျှော့ချပေးနိုင်ပြီး ကုန်ပစ္စည်းဖြန့်ဖြူးမှုစနစ်ကိုပါ
ပိုမိုထိရောက်လာ စေတာဖြစ်ပါတယ်။
ကုန်းတွင်းကုန်ရထား
သယ်ယူပို့ဆောင်ရေးဟာ ပင်လယ်ရေလမ်းကြောင်းကို မှီခိုမှုလျှော့ချနိုင်တဲ့ အပြင်
ဒေသတွင်းပြည်သူတွေအချင်းချင်း ဆက်ဆံရေးကိုလည်း တိုးမြှင့်စေနိုင်ရုံမက ဒေသတွင်း
အာဏာ သဘောတရားကိုပါ ပြောင်းလဲနိုင်စေပါတယ်။ နိုင်ငံအချင်းချင်း
ကုန်သွယ်မှုမြင့်မားလာ တာဟာ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးမြှင့်လာခြင်း၊
အစိုးရအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်ရခြင်း စတာတွေကြောင့် စီးပွားရေး
အရေးပါရုံသာမက နိုင်ငံရေးအရအရေးပါမှုကိုလည်း တိုးတက်စေနိုင်မှာပါ။
မြန်မာနိုင်ငံဟာ
ပထဝီနိုင်ငံရေးအရ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်ပေးနိုင်တဲ့
အလယ်ဗဟိုနေရာမှာ တည်ရှိနေပေမယ့် လက်ရှိ မှာတော့
ဒေသတည်ငြိမ်အေးချမ်းမှုလိုအပ်ချက်နဲ့ နိုင်ငံကို ပျက်စီးအောင်ဆွဲချနေကြတဲ့
ပြည်ဖျက် သစ္စာဖောက်တွေရဲ့ အန္တရာယ်ကြောင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်
ကြီးမားနေရဆဲဖြစ် ပါတယ်။ ကမ္ဘာ့ဘဏ်လို စီးပွားရေးအဖွဲ့အစည်းတွေ ရဲ့
အစီရင်ခံစာတွေအရ သယ်ယူပို့ဆောင်ရေးစရိတ် ဟာ စီးပွားရေးအရွယ်အစားရဲ့ ၂၀
ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ မြင့်မားနေဆဲဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး
အမြန်ဆုံးရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်နေပြီး တစ်ဖက်မှာလည်း
အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဒါပေမယ့် အဖျက် သမားတွေရဲ့
ဖျက်ဆီးမှုကြောင့် မူလရှိနှင့်ပြီးသား ကားလမ်း၊ ရထားလမ်း၊ တံတား၊ ဆက်သွယ်ရေး
စနစ်တွေဟာ သမင်မွေးရင်း ကျားစားရင်းဆိုသလို ပြန်လည်ပြင်ဆင်နေရတာဟာ
နိုင်ငံတိုးတက်ဖွံ့ဖြိုး ဖို့အတွက် အရှိန်တန့်စေတဲ့ အနှောင့်အယှက်အဟန့် အတားတွေပဲဖြစ်ပါတယ်။
ထို့အတူ နယ်မြေ မငြိမ်းချမ်းတဲ့အတွက် နယ်စပ်ဂိတ်တွေကနေ ကုန်စည်စီးဆင်းမှုအခက်အခဲက
နိုင်ငံနဲ့ပြည်သူကို ပိုပြီးထိခိုက်စေပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်း
မတည်ငြိမ်မှုတွေကြောင့် ကားနဲ့ သယ်ယူပို့ဆောင်မှုစရိတ်တွေဟာ နိုင်ငံ တကာမှာလည်း ၁၅
ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့်ကမ္ဘာမှာ
ကားလမ်းသယ်ယူပို့ဆောင်မှုတွေကို ရထားစနစ်နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုတွေအဖြစ်
ပြောင်းလဲလာနေကြပြီဖြစ်ပါတယ်။ ထို့အတူပဲ ပေါင်းစပ် သယ်ယူပို့ဆောင်ရေး စနစ်ကို
ကျင့်သုံးလာကြပြီး ခရီးဝေး၊ ခရီးရှည်တွေကို ရထားနဲ့ သယ်ယူကြပြီး ခရီးတိုတွေကိုတော့
မော်တော်ကားနဲ့ ပေါင်းစပ်ဝန်ဆောင်မှုစနစ်ကို ကျင့်သုံးလာကြတာကို မြင်တွေ့ ရပါတယ်။
မိမိတို့နိုင်ငံမှာလည်း ယင်းစနစ်ကို လျင်လျင်မြန်မြန် အကောင်အထည် ဖော်ကြရမှာပါ။
လက်ရှိ
မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဟာ ကားအခြေခံဖြစ်ပြီး ရထားအသုံးပြုမှုက ၅
ရာခိုင်နှုန်း ကနေ ၇ ရာခိုင်နှုန်းသာ ရှိနေပါသေးတယ်။ ဒါကြောင့်
ကွန်တိန်နာရထားစနစ်ကို တိုးချဲ့အသုံးပြုခြင်းကနေ သယ်ယူပို့ဆောင်မှုစရိတ်နဲ့
အချိန်ကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း
ကုန်ပစ္စည်းတွေကို ရထားနဲ့ပိုမိုတင်ပို့နိုင်ဖို့အတွက် ကုန်တင် ရထားတွေ စတင်ပြေးဆွဲနေတာကို
သိရှိရပါတယ်။ ရထားနဲ့ သယ်ယူပို့ဆောင်တာဟာ ကားနဲ့ သယ်ယူ ပို့ဆောင်တာထက် ၂၀ ကနေ ၄၀
ရာခိုင်နှုန်းအထိ ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံဟာ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရထားသံလမ်းတွေ ပိုမိုဖြည့်တင်းတာ၊
ရထားစင်းရေ ပိုမိုတိုးချဲ့ပြေးဆွဲတာ တွေကို ကြိုးပမ်းလုပ်ဆောင်နေတဲ့ရလဒ်အဖြစ်
မြန်မာ့မီးရထားရဲ့ ပြောင်းလဲတိုးတက်မှုတွေကို မိမိတို့အားလုံး သိရှိပြီးဖြစ်ပါတယ်။
လက်ရှိမှာ
လျှပ်စစ်ရထားတွေကို ရန်ကုန် - နေပြည်တော် - မန္တလေးအပြင် အခြားမြို့တွေကို
တိုးချဲ့ပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်လုပ်ဆောင်နေတာကြောင့် ဒီနှစ်သင်္ကြန် ရုံးပိတ်ရက်ရှည်တွေမှာ
ဝန်ထမ်းတွေနဲ့ မိဘပြည်သူတွေ အေးဆေးသက်သာစွာနဲ့ ကုန်ကျစရိတ်လျော့နည်းစွာ
ခရီးသွားလာနိုင် ခဲ့ကြပါတယ်။ ထို့အတူ ကုန်တင်ရထားတွေကို
ပြေးဆွဲပေးလျက်ရှိတာကြောင့် ကုန်စည်ပို့ဆောင် ရေးမှာ
များစွာအကျိုးပြုလျက်ရှိပါတယ်။ လျှပ်စစ်ရထားစနစ်ဟာ မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး နှစ်မျိုးစလုံးအတွက် အနာဂတ်မှာ အရေးပါတဲ့ စနစ်တစ်ခု
ဖြစ်လာနိုင်ပါတယ်။ လျှပ်စစ်ရထား ဖွံ့ဖြိုးလာ ပါက လောင်စာစရိတ်ကို ၃၀ ကနေ ၄၀
ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာဖြစ်ပြီး သယ်ယူ ပို့ဆောင်ခစရိတ်
ကြီးမြင့်မှုသက်သာသလို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိုလည်း ၆၀
ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချ ပြီးသားဖြစ်လာမှာပါ။
၂၀၂၃ ခုနှစ်
ဇွန်လတုန်းက မြန်မာနိုင်ငံကထွက်တဲ့ သံသတ္တုရိုင်း တန်ချိန် ၁၀၀၀ ကျော်
တင်ဆောင်ထားတဲ့ ကုန်တွဲရထားက ယူနန်ပြည်နယ် ပေါင်ရှန်းမြို့ ဖူမြောင် သယ်ယူပို့ဆောင်ရေး
စင်တာ၊ မီးရထားအထူးလမ်းကြောင်းကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။ နောက်နှစ်ရက် အကြာမှာတော့
စီချွမ်ပြည်နယ် ချန်ဒူးမြို့ ချိန်ရှန်းဘူတာကို ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒါဟာ
တရုတ်-မြန်မာ လမ်းကြောင်းသစ် ကားလမ်း၊ မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးရဲ့
ဆောင်ရွက်မှုဖြစ်သလို မန္တလေးမြို့ကနေ ကားလမ်းနဲ့ ထွက်လာခဲ့ပြီး ထိန်ချုန်းမြို့
ဟိုချောင်နယ်စပ်ဂိတ်ကနေ ပေါင်ရှန်း မြို့၊ ဖူဖြောင် သယ်ယူပို့ဆောင်ရေးစင်တာကိုရောက်ရှိ၊
အဲဒီကနေ ရထားနဲ့ ချန်ဒူးမြို့ကို ဆက်လက် သယ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကားလမ်း - မီးရထား လမ်း ပူးတွဲပို့ဆောင်မှုမှာ ကီလိုမီတာ ၂၃၀၀
ကျော် ရှည်လျားပြီး သယ်ယူပို့ဆောင်မှုခရီးစဉ်တစ်ခုလုံးက ငါးရက်တာ ကြာမြင့်ခဲ့ပါတယ်။
ဖူဖြောင်ဘူတာရုံမှူး
ဝူကွမ်ရှန့်အတွက်ကတော့ ဒါက မမေ့နိုင်တဲ့ ပထမဆုံးသော ဘူတာရဲ့ နိုင်ငံ တကာ
ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်မှု အစီအစဉ်ဖြစ်ပါတယ်။ “ရထားတွဲ ပို့ဆောင်ရေး
အစီအစဉ်ထဲက ကျွန်တော်က ရထားတွဲလွတ် ရွေးချယ်ချိတ်ဆက်မှုကို ကြိုတင်ပြင်ဆင်ထားပြီး
တာဝန်ရှိသူက လုပ်ငန်းစဉ်ပြောင်းလဲချိတ်ဆက်မှုကို ကွပ်ကဲပေးတာပါ။ ရထားတွဲရဲ့
လုံခြုံရေးနဲ့ အမြန်ဆုံးထွက်ခွာနိုင်ရေးကို ကျွန်တော်တို့က အာမခံပေးနိုင်ခဲ့ပါတယ်”လို့
တရုတ်နိုင်ငံ ကူမင်းမီးရထား ဦးစီးဌာန ကွမ်းထုံးလမ်းပိုင် ဖူဖြောင်ဘူတာရုံမှူး
ဝူကွမ်ရှန့်က ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်ကလည်း
တရုတ်နိုင်ငံ ချုံချင့်မြို့ ယွီကြွေဘူတာက စတင်ထွက်ခွာပြီး အီလက်ထရွန်နစ် အပိုပစ္စည်းတွေ၊
ကားနဲ့ ဆိုင်ကယ် အပိုပစ္စည်းတွေ ကွန်တိန်နာ ၆၀ ခန့်ကို တင်ဆောင် လာခဲ့တဲ့
ကုန်တင်ရထားတစ်စင်းက ချုံချင့်-လင်ချန်း- မန္တလေး ကားရထား ပေါင်းစပ် အစီအစဉ်အရ ၁၅
ရက်ခရီးနဲ့ မန္တလေးမြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ ပုံမှန်ထက် ရက်ပေါင်း ၂၀ လောက်
သက်သက်သာသာ နဲ့ တင်ပို့နိုင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။
တရုတ်နိုင်ငံဘက်က
အခေါ်အဝေါ်အရ “တရုတ်- မြန်မာလမ်းကြောင်းသစ်”၊ “တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်”လို့
သိရပြီး ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကားလမ်း၊ ရထားလမ်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေးအနေနဲ့
ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ နိုင်ငံ အသီးသီးရဲ့ ကုန်စည်တွေ
မြန်မာနိုင်ငံ ရန်ကုန်နဲ့ ကျောက်ဖြူဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ပြီး ကုန်းလမ်း
သယ်ယူပို့ဆောင်ရေးကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းမှုဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာ မလ္လကာရေလက်ကြားကိုပတ်တဲ့ ရေလမ်းကြောင်းဆိုတဲ့ အရင်လမ်းကြောင်းနဲ့
နှိုင်းယှဉ်မယ်ဆိုရင် အလွန်ကို တိုတောင်းကောင်းမွန်တဲ့ လမ်းကြောင်းသစ်လို့
စီးပွားရေးပညာရှင်တွေက ယူဆကြပါတယ်။ လက်ရှိမှာ ကွန်တိန်နာ ၁၀၀၀ ကျော်
တင်ပို့ခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်းက ဒေသတွေ တည်ငြိမ် အေးချမ်းသွားမယ်ဆိုရင်
ထိုထက်မက တိုးချဲ့ကုန်သွယ်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း များစွာ
အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတစ်ခုလို့ ယူဆမိပါတယ်။
တိုင်းပြည်
တည်ငြိမ်အေးချမ်းသာယာလာတာနဲ့အမျှ တရားဥပဒေစိုးမိုးလာတာနဲ့အမျှ ပြည်တွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးသာမက
ဒေသတွင်းရထားအသုံးပြု သယ်ယူပို့ဆောင်ရေးစနစ်ကို
တိုးမြှင့်အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တရုတ်၊ လာအို၊ ဗီယက်နမ်နဲ့
မြန်မာနိုင်ငံတို့ကို ချိတ်ဆက် ထားမယ့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဟာ ယခု ထက်
ပိုမိုလျင်မြန်စွာနဲ့ ဖွံ့ဖြိုးလာပြီး ဒေသတွင်း
ကုန်ပစ္စည်းဖြန့်ဖြူးမှုစနစ်အတွင်းမှာ မိမိတို့နိုင်ငံဟာ အရေးပါတဲ့အချက်အချာနေရာတစ်ခုအဖြစ်
ရပ်တည် လာနိုင်မှာဖြစ်ပြီး ဒေသတွင်း ပြည်သူ အချင်းချင်းလည်း ယခုထက်
ပိုမိုရင်းနှီးတဲ့ဆက်ဆံ ရေး၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေက
စောင့်ကြိုနေမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း။
No comments