အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရပြီး ဇယားထိပ်မှာ ခုနစ်မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့တဲ့ ဘာစီလိုနာ



ဘာစီလိုနာအသင်းဟာ ဧပြီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့  စပိန်လာလီဂါ ပွဲစဉ်(၃၀)မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့တာ ဖြစ်ပြီး  အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၂ မိနစ်မှာ ရက်ရှ်ဖို့ဒ်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစား ချိန် ၈၇ မိနစ်မှာ လီဝန်ဒိုစကီးက တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်အဖြစ် ဧည့်ခံကစားရတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်အပြီး နာကျင် အချိန်ပို     ခုနစ်မိနစ်မှာ ဂွန်ဇာလက်တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ကစားသမားတစ်ယောက်လျော့ နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ စပိန်ကိုပါ ဒယ်ရေးဖလား  ဆီမီးဖိုင်နယ်အဆင့်မှာလည်း  နှစ်ကြိမ်တွေ့ဆုံခဲ့တာကြောင့် ဒီနှစ်သင်းကြား    ယခုဘောလုံးရာသီ အတွင်း လေးကြိမ်မြောက် တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ်(၃၀) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၇ မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေး ဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ခုနစ်မှတ်ဖြတ် ဦးဆောင်

ဘာစီလိုနာအသင်းကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းကို  ခုနစ်မှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမှတ်ပေးဇယား ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ်(၃၀)မှာ မာယော့ကာအသင်းကို  ရှုံးနိမ့်ခဲ့တာကြောင့်  ဇယားထိပ်က ဘာစီလိုနာအသင်းကို ဆက်လက် ဖိအား‌ပေးနိုင်ခြင်းမရှိဘဲ စပိန်လာအမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်

No comments

Powered by Blogger.