ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၄)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော်
ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း
အမှတ်စဉ် (၂၄)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည်
သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍
လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း
အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများ
ကျင်းပကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက်
ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။
အဆိုပါ
သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၄) မှ သင်တန်းသားများအား တွေ့ဆုံကာ
သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ
ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်
နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက်
စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်
ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့တွင်
စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ သင်တန်း ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း
နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင်
ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) မှ နိုင်ငံ့သားကောင်း
လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း
ယခုလိုပဲကြားသိ ရပါသည်-
၂။ တာဝန်သိတတ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ကျရာတာဝန်ကို လာရောက် ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော် သင်တန်းပြီးသွားလို့ တာဝန်ကျတဲ့ တပ်ဌာနတွေမှာ ကျွန်တော် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ပြောချင်ပါတယ်။
၃။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသင်တန်းကို စိတ်ပါဝင်စားစွာတက်ရောက်ဖို့ လာရောက် တက်ရောက်ခြင်း ဖြစ်ပါတယ်။ အလွန်ကောင်းပါတယ်။ မြန်မာနိုင်ငံသားအားလုံးလည်း ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်အနေနဲ့ သင်တန်းမှာ သင်ပြသွားမယ့် ဘာသာရပ်တိုင်းကို အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ကြိုးစာပြီးတော့လေ့လာသွားပါမယ်။ ဒီသင်တန်း အပတ်စဉ် (၂၄) ပြီးဆုံးသွားရင် ကျွန်တော်ရဲ့ ကျရာတာဝန်၊ တပ်ရင်းကပေးတဲ့ တာဝန်ကို အကောင်းဆုံး တာဝန်ထမ်းဆောင် သွားပါမယ်။
No comments