ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံ အသားတိုးနှင့်မျိုးဝက်များ မွေးမြူထားရှိမှုနှင့် ပျားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 



လွိုင်ကော် ဧပြီ ၂၁


ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စံပြ ဝက်မွေးမြူရေးခြံနှင့် ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြ ပညာပေးဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူးက အသားတိုးဝက်နှင့် မျိုးဝက်များ မွေးမြူ ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသားတိုးနှင့် မျိုးဝက်မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးခြံကို မွေးမြူရေးတောင်သူများ အချိန်မရွေး ဝင်ရောက်လေ့လာနိုင်သည်အထိ ဆောင်ရွက်ထားရှိရန်၊ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများကိုလည်း ပညာပေး သရုပ်ပြစည်းရုံးဆောင်ရွက်သွားရန်၊ မွေးမြူရေး လုပ်ကိုင်သူများကို မျိုးကောင်မျိုးသန့်ဝက်များ ဖြန့်ဖြူးနိုင်ရေး ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူထားရန်နှင့် အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှု မရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် တာဝန် ရှိသူများအား မှာကြားသည်။


ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စံပြ ဥစားကြက်မွေးမြူရေးခြံ တည်ဆောက်ရန် လျာထားသည့် မြေနေရာကိုကြည့်ရှုပြီး လုပ်ငန်းများ အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ ရေနီကန်ကျေးရွာ ပျားလုပ်ငန်းဌာနခွဲ အခြေစိုက်ပျားဘုရင်မမွေးမြူရေး စခန်းတွင် ပျားများမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပျားမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ပျားစာလုံလောက်မှုရှိရန်အတွက် လိုအပ်သည့် သီးနှံစိုက်ပျိုးမှုများကို ရာသီအလိုက် ဆောင်ရွက်ရန်နှင့် ပျားရည်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.