ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ အခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး ဘာသာရေးအသင်းအဖွဲ့များထံ စက်သုံးဆီများ ပေးအပ်လှူဒါန်း

 


မြစ်ကြီးနား ဧပြီ ၂၁


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိက လျှပ်စစ်ဓာတ်အားပေးလျက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ကာလအတွင်း ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့က မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေး အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ စက်သုံးဆီများ လှူဒါန်း ပေးအပ်သည်။


ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် သောက်သုံးရေ၊ ချိုးရေရရှိစေရေး အဆင်ပြေရန် စီမံဆောင်ရွက်ပေးထားခဲ့ပါကြောင်း၊ ထို့ပြင် ပြည်နယ် အစိုးရအဖွဲ့ အရန်ဆီဖြင့် အုပ်ချုပ်မှုယန္တရားတစ်ခုလုံး လုပ်ငန်းအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် စက်သုံးဆီကို သက်သာသော ရည်ညွှန်းဈေးနှုန်းဖြင့် ဌာနဆိုင်ရာများ တပ်ရင်းတပ်ဖွဲ့များနှင့် အသင်းအဖွဲ့များ၏ စက်သုံးဆီအခက်အခဲနှင့် လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ယခု မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များကို လိုအပ်သော သောက်ရေ၊ သုံးရေနှင့် လျှပ်စစ်မီးရရှိရေးအတွက် စက်သုံးဆီများ တတ်နိုင်သမျှ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် ရက်သတ္တ နှစ်ပတ်ခန့်ကာလအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ အပါး ၃၀ နှင့်အထက် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း ၂၂ ကျောင်းတို့အတွက် စက်သုံးဆီ ၂၂ ပီပါ၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်၊ ကက်သလစ်အသင်းတော်၊ အင်္ဂလိကန် အသင်းတော် စသည့် ခရစ်ယာန်အသင်းတော် ၁၂ ဖွဲ့ တို့အတွက် စက်သုံးဆီ ၂၂ ပီပါ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဆစ်ခ်ဘာသာနှင့် တရုတ်ဘုံကျောင်း စသည့် ဘာသာရေးအဖွဲ့အစည်း ခုနစ်ခုတို့အတွက် ၂၂ ပီပါ စုစုပေါင်း ဘာသာရေးအဖွဲ့အစည်း ၄၁ ခုတို့ အတွက် စက်သုံးဆီပီပါပေါင်း ၆၆ ပီပါ ထုတ်ယူနိုင်ရေးအတွက် လက်မှတ်များကို လှူဒါန်းပေးအပ်ပြီး ဘာသာရေးအဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ အသင်းတော်အလိုက် ပြည်သူများအား အဆင်ပြေစေရေး စီမံဆောင်ရွက်ပေးနိုင်ပါရန်နှင့် လိုအပ်သည်များရှိပါက အကူအညီ တောင်းဆိုနိုင်ပါကြောင်းနှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်း ယာယီတိမ်းရှောင်ပြည်သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဝိုင်းမော်မြို့ အမှတ်(၁)ရပ်ကွက် အောင်မင်္ဂလာဘုန်းကြီးကျောင်း၊ ခတ်ချိုကျေးရွာရှိ စခန်းငါးခု၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ မျိုးရှ ယာယီတိမ်းရှောင်စခန်းနှင့် ဆွေမျိုးများနေအိမ်ခြံဝင်း တို့အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၄၈၅ စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည်နှုန်းဖြင့် စုစုပေါင်း ဆန် ၂၄ ပြည်ပါအိတ် ၁၆၂ အိတ် နှင့် ဆီ ၁၆၂ ပိဿာတို့ကို ထောက်ပံ့ပေးအပ်သည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကက်သလစ် အသင်းတော် မြစ်ကြီးနားဘုန်းတော်ကြီးတပိုင် လူငယ်ကော်မတီများက ကြီးမှူးကျင်းပသော မြစ်ကြီးနားဘုန်းတော်ကြီးတပိုင်အတွင်းရှိ လူငယ်များ၏ ကျား/မ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ပွဲတွင် တတိယအဆင့်ပြိုင်ပွဲအဖြစ် မြို့တွင်းနှင့် ကချင်စု အမျိုးသားဖူဆယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.