အိန္ဒိယနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား နယ်ပယ်ကဏ္ဍများစွာ၌ ပူးပေါင်းဆောင်ရွက်မည်

 



နယူးဒေလီ ဧပြီ ၂၁


အိန္ဒိယနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စွမ်းအင်ထောက်ပံ့ရေးကဏ္ဍအပါအဝင် နယ်ပယ် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။


အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့သည် နယူးဒေလီတွင် ဧပြီ ၂၀ ရက်က ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတသည် ရှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ဧည့်သည်တော်အဖြစ် အိန္ဒိယနိုင်ငံသို့ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား တည်ငြိမ်သည့်  စွမ်းအင်အရင်းအမြစ်များ ပံ့ပိုးရာတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတလီဂျေမြောင်က ပြောကြားသည်။


ထို့ပြင် စီးပွားရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ ရောက်ရှိရန် ခေါင်းဆောင်များကြား သဘောတူညီခဲ့သည်။ ဉာဏ်ရည်တုနည်းပညာနှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများထုတ်လုပ်ရေးကဏ္ဍအပါအဝင် သင်္ဘော တည်ဆောက်ရေးနှင့် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီခဲ့သည်။ ကမ္ဘာပေါ်တွင် တင်းမာမှုများရှိနေသည့် လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံပူးပေါင်း၍ ကမ္ဘာ့နိုင်ငံများသို့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ သတင်းစကားပေးပို့ပါကြောင်း မိုဒီကပြောကြားသည်။


ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.