ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အနောက်တောင်တိုင်းစစ်ဌာနချုပ်သင်္ကြန်မဏ္ဍပ်နှင့် ပုသိမ်မြို့ ဗဟိုမဏ္ဍပ်တို့တွင် ယိမ်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး



ပုသိမ်    ဧပြီ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ကမ်းနားလမ်း တစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး  ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊  ပြည်သူများ ပျော်ရွှင် အေးချမ်းစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် သင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍  ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးနှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် နဒီဧရာတေးဂီတအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၏ စတုဒိသာမဏ္ဍပ်တို့တွင် စတုဒိသာ ကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

 

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်လေတပ်စခန်းဌာနချုပ် သင်္ကြန် မဏ္ဍပ်သို့ သွားရောက်၍  ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ချစ်ကြည်ရင်းနှီးစွာ အတာရေ ပက်ဖျန်းပေးသည်။

 

ညနေပိုင်းတွင်  ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊  တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

၁၃၈၇ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပွဲတော် အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များအပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါ မဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့် သွင်းကျင်းပလျက်ရှိသည်။

 

ထို့အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များ၏ ယိမ်းအကများ၊  နိုင်ငံကျော်တေးသံရှင် များ၏  ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့်အပြင် အေးချမ်း ပျော်ရွှင်စွာ လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.