ပုသိမ်မြို့၌ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြ(ဆင့်ပွား)ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

 




ပုသိမ် ဧပြီ ၂၇


ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သည့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြ(ဆင့်ပွား)ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အထက(၁) ရတနာတန်ဆောင် ခန်းမ၌ ကျင်းပသည်။


ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးကိုယ်စား ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာ သင်းမာလာက ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားနေသည့်အတန်းနှင့် ဆက်စပ်နေသော ရှေးဦးအရွယ် ကလေးငယ်များ၏ ဘဝကို ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ရမည့် တာဝန်ဝတ္တရားများကို နားလည်သိရှိနိုင်ရေး၊ ကလေးငယ်များရခဲ့သည့် ပျော်ရွှင်မှုနှင့် ဖွံ့ဖြိုးမှုများကို KG နှင့် Grade-1 တွေအထိ ဆက်လက်ပါရှိ သွားနိုင်ရေးနှင့် ဆရာ ဆရာမများကလည်း သင်ပြနည်းစနစ်တွေကို တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဖလှယ်ခြင်းအားဖြင့် ကလေးငယ်များအတွက် ကျောင်းနေပျော်၍ စာတော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင် ရေးအတွက် ယခုလိုဆွေးနွေးပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ KG နှင့် Grade-1 အတန်းတို့တွင် သင်ကြားနေသော ဆရာ ဆရာမ ၂၆၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၇ ရက်မှ မေ ၉ ရက်အထိ ၁၀ ရက်ကြာ သင်ကြားပို့ချဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.