တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲနှင့် နိုင်ငံတော်သမ္မတ တိုလမ်တို့ တွေ့ဆုံ
ပေကျင်း ဧပြီ ၁၇
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲနှင့် နိုင်ငံတော်သမ္မတ တိုလမ်တို့က ပေကျင်းမြို့တော်ရှိ Great Hall of People ၌ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံ ထောက်ပံ့ရေး ကွင်းဆက်နှင့် စီးပွားရေးအပါအဝင် နယ်ပယ် များစွာတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူညီ ခဲ့ကြသည်။
ယခုခရီးစဉ်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်း သမ္မတ တိုလမ်၏ ပထမဆုံးသော နိုင်ငံခြား ခရီးစဉ်ဖြစ်သည်။
ကမ္ဘာ့လွတ်လပ်သောကုန်သွယ် မှုစနစ်ကို ကာကွယ်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သမ္မတရှီကျင့်ဖျင်က သမ္မတ တိုလမ်အား ပြောကြားခဲ့သည်။
နှစ်နိုင်ငံ စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် နည်းပညာ အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားသည့် ကျယ်ပြန့်သော သဘောတူညီချက်များကို ခေါင်းဆောင်နှစ်ဦးက လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ် ကုန်ပစ္စည်းများ အတွက် စျေးကွက်ဖွင့်ရန်နှင့် မဟာဗျူဟာမြောက် စွမ်းအင်ထောက်ပံ့မှုရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများတည်ဆောက်ရန် သမ္မတ တိုလမ်က အဆိုပြုခဲ့ကြောင်း ဗီယက်နမ်အစိုးရက ကြေညာခဲ့သည်။
တရုတ်နှင့် ဗီယက်နမ်တို့သည် သံတမန်ရေးရာ၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ အဓိက နယ်ပယ်သုံးရပ်တွင် ပထမဆုံးသော ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments