အနာဂတ်မျက်နှာစာသစ် လှပရန် ပစ္စုပ္ပန်ကဏ္ဍသစ် ဖွင့်သူများ

 



မိုးကေနိုင်


မျက်နှာစာတစ်ခုမှ မျက်နှာစာအသစ်တစ်ခုသို့ ကူးပြောင်းသည်ဟုဆိုသည်။ အဟောင်းမှအသစ်သို့ပြောင်းလဲခြင်း၊ အသစ်မှအသစ်သို့ပြုပြင်ပုံသွင်းခြင်း… မည်သို့ဆိုဆို မျက်နှာစာအသစ်တစ်ခု ဖွင့်တိုင်းဖွင့်တိုင်း၊ အမည်သစ်တစ်ခု တပ်တိုင်းတပ်တိုင်းမှာ မလွဲမသွေလိုက်ပါရသည်က အတွေးအမြင်သစ်များပါ လိုက်ပါပြောင်းလဲနေရန်ပင်။ သို့မှသာ အပြောင်းအလဲကအဓိပ္ပာယ်ရှိမည်။ ပြောင်းလဲလိုသောအရာရာသည် စစ်မှန်သော အသစ်အသစ်များဖြစ်လာပေမည်၊ တိုးတက်လာမည်၊ ဖွံ့ဖြိုးလာမည်..ဟူ၍။ သို့ဆိုလျှင် မျက်နှာစာအသစ်ဖြစ်ရန် မည်သည့်အချက်တွေမှာ မည်သို့လိုက်ပါပြောင်းလဲရမလဲ.....။


အတွေးအမြင်သစ် စိတ်သစ်လူသစ်ဖြင့်


 အရေးကြီးသည်က အတွေးများ၊ အမြင်များ အသစ်ဖြစ်နေရန်ပါ။ သစ်လွင်သော အတွေးအမြင်များဖြင့်သာ စိတ်သစ်လူသစ်ဖြစ်မည်၊၊ အတွေး၊ အမြင်သစ်များဖြင့် ဖန်တီးနိုင်မှသာ လုပ်နည်းလုပ်ဟန်အသစ်များ ဖြစ်နိုင်သည်။ လုပ်နည်းအသစ်များကသာလျှင် အခင်းအကျင်းအသစ်များကို တည်ဆောက်နိုင်မည်။ သစ်လွင်သောစိတ်ဖြင့်သာ ဖြူစင်သောစိတ်၊ ရိုးသားသောစိတ်၊ ဖြောင့်မတ်သောစိတ်များ ဖြစ်နိုင်မည်ဟုဆိုသည်။ အတွေးတူ၍ အလုပ်လည်းတူလာကြမည်။ ထိုစိတ်ထားများဖြင့် အလုပ်လုပ်၍ အများအတွက်၊ နိုင်ငံအတွက်၊ အနာဂတ်မျိုးဆက်များအတွက် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်စဉ်းစားနိုင်မှသာ စေတနာပါ၊ ပညာပါသောအလုပ်များ ဖြစ်လာသည်။ ထိုစိတ်များကို စေ့ဆော်နိုင်ရန်မှာ မှန်ကန်သောအတွေးအမြင်က ရှေးဦးရှိနေရမည်။


အတွေးမှန်၊ အမြင်မှန်ကန်ခြင်းဟူသည် အမှန်ကိုအမှန်အတိုင်းမြင်၍ အမှားနှင့်အမှန်ကို ခွဲခြားသိခြင်း၊ အမှားလုပ်လျှင်ပျက်စီးမည်၊ အမှန်အတိုင်းလုပ်လျှင်တိုးတက်မည်၊ မှန်သည်ဆိုသော်လည်း အခြေအနေအချိန်အခါကြည့်၍ ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲဟု ခွဲခြားသိမြင်၍ ဆုံးဖြတ်နိုင်သည်ဟူသော အမြော်အမြင်ရှိခြင်းကို ဆိုလိုသည်။ တစ်နည်း ယုံကြည်ချက် မှန်နေခြင်းဖြစ်သည်။ ထိုယုံကြည်ချက်ဖြင့် အမှားမလုပ်၊ အမှန်ကိုသာလုပ်မည်ဟု ခံယူခြင်းဖြင့် ခံယူချက်မှန်နေသမျှ အတွေးသစ်၊ အမြင်သစ်များသည် အစဉ်လန်းဆန်းသစ်လွင်နေ မည်ဟုဆိုသည်။ ထိုသို့ယုံကြည်ချက်မျိုး၊ ခံယူချက်မျိုးရှိနေပြီဆိုလျှင် ရိုးဖြောင့်သောစိတ်၊ ဖြူစင်သောစိတ်များ ပိုင်ဆိုင်ရန်မှာ အလှမ်းမဝေးတော့ပါ။ ထိုထို စိတ်နေစိတ်ထားများ အားနည်းနေသရွေ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသက်သက်ဖြင့် အနှစ်မပါ၊ ရေရှည်မခံသော ပြယုဂ်အဖြစ်သာ ဟန်ပြဖြစ်နေပါမည်။ အနာဂတ်အတွက် ရေရှည်ဖွံ့ဖြိုးမှုသို့ဦးတည်သော စိတ်ဓာတ်နှင့်ပညာကြွယ်သော ဆောင်ရွက်ချက်များကသာ အမှန်တိုးတက်မှုကိုရရှိပြီး နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော နိုင်ငံအရေးနှင့် အမျိုးသားအကျိုးစီးပွားများသည် အမှန်တကယ် ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။


ထက်သန်စိတ်အား တက်ကြွစွာဖြင့်


မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့၊ မျက်နှာစာသစ်ဖိုရမ်တစ်ခု၌ချပြခဲ့သော အစဉ်မှန်ကန်မြဲသည့် ပရမတ္ထသဘောတရားများနှင့်အတူ ကိုယ်တိုင်ပါဝင်ပြီး စာမျက်နှာအသစ်တစ်ခုဖွင့်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များက ထိုသဘောတရားများကို မယိမ်းယိုင်သော ယုံကြည်ချက်များအဖြစ် အခိုင်အမာခံယူထားပြီး ဖြစ်ပါမည်။ ထိုယုံကြည်ချက်များဖြင့်သာ အပြန်အလှန်ယုံကြည်မှု (Trust) ကို ဦးစွာတည်ဆောက်နိုင်မည်ဟု လက်ခံထားကြသည်၊၊ ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု (Peace) ကို ဖော်ဆောင်ကြမည်။ သို့မှသာ ဖွံ့ဖြိုးမှု (Development) ဆီသို့ ရှေးရှုနိုင်မည်ဟူသော ခံယူချက်သည် ကိုယ်စားလှယ်များအားလုံး၏ Mission ဖြစ်ပါသည်။ တစ်ဆက်တည်းမှာ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူကိုကိုယ်စားပြုသူများပီပီ ပြည်သူ့အတွက် နိုင်ငံ့တာဝန်ကိုကျေပွန်အောင် ထမ်းရွက်ကြမည်ဟု သန္နိဋ္ဌာန်ချထားပြီးလည်းဖြစ်သည်။ သန္နိဋ္ဌာန်နှင့်အတူ နိုင်ငံအတွက် အရေးကြီးဆုံးသောပြဿနာရပ်များ (Key issues) များကို ဦးစားပေးအလိုက်ဖော်ထုတ်၍ ဆွေးနွေးအဖြေရှာရန် အသင့်ဖြစ်နေကြပါပြီ။


လေ့လာမိသမျှ ကိုယ်စားလှယ်အများစုကြီးက လွှတ်တော်အစည်းအဝေးခန်းထဲတွင် မေးခွန်းများမေးရန်၊ အဆိုများတင်ရန်၊ ဥပဒေများပြုကြရန် ခေါင်းစဉ်များ၊ အချက်အလက်ပေါင်းများစွာကို စုစည်းထားရှိပြီး Proactive ဖြစ်နေပြီဟု ယုံကြည်ပါသည်။ အတွေ့အကြုံများစွာကြွယ်ဝသည့် ကိုယ်စားလှယ်ကြီးများဦးဆောင်၍ နိုင်ငံအတွက် အရေးကြီးကိစ္စရပ်များအပေါ် မေးမြန်း၊ တင်သွင်း၊ ဆွေးနွေးဆုံးဖြတ်နိုင်ရေး စိတ်အားထက်သန်နေကြပါပြီ။ ပြည်သူ့အသံကိုနားထောင်ပြီး ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းဖြင့် ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်မည့်သဘောများ တွေ့နေရသည်။


အမှန်လည်း နိုင်ငံတွင်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးကိစ္စရပ်များ များစွာရှိနေသည်။ ရင်ဆိုင်ရမည့် ပြဿနာရပ်များစွာရှိနေသည်။ ခက်ခက်ခဲခဲဖြေရင်းရမည့် ကိစ္စရပ်တိုင်းမှာ စိန်ခေါ်မှုအများအပြားက ကြိုလင့်နေသည်။ သို့သော် ကိုယ်စားလှယ်များကား မည်သည့်နိုင်ငံ့အရေးများတွင် မည်သို့ပါဝင်ထမ်းရွက်ကြရမလဲ ကြိုတင်သိမြင်နေပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးမှာ ငါတို့ဘယ်လိုအခန်းကဏ္ဍမှ ပါဝင်ကြမလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပို့ကုန်/သွင်းကုန်ကဏ္ဍကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲ စသည်၊ စသည် စဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်များစွာအတွက် အဖြေများ၊ နည်းလမ်းများရှိထားပြီး ဖြစ်ပုံရသည်။


အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရာ


တင်ပြခဲ့သည့်အတိုင်း ဆောင်ရွက်ရမည်များက များစွာပင်။ အကောင်းအဆိုးများ ရောပြွမ်းနေသည့် နာတာရှည်ရောဂါကို ကုစားဖို့ရန် စိတ်အားများ ထက်သန်နေပါပြီ။ ပြောင်းဖို့လုပ်တိုင်း ကွဲတာတွေ၊ ပြင်ဖို့လုပ်တိုင်း ပျက်တာတွေ သင်ခန်းစာများလည်း အထိုက်အလျောက်ရှိခဲ့၊ ရခဲ့ကြပါပြီ။ ထို့အတွက် ဘယ်လိုချဉ်းကပ်အဖြေရှာ ကြမလဲ၊ လုပ်နည်းလုပ်ဟန် မှန်မှန်ကန်ကန်ဖြင့် အဆုံးအဖြတ်များ မှန်ကန်ရန်က အလွန်အရေးကြီးသည်။ သမိုင်းကြောင်းကို အခြေခံ၊ အစွန်းတရားနှစ်ပါးမှ လွတ်အောင်ရှောင်၊ ပကတိအရှိတရားကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာ သုံးသပ်အဖြေရှာရန် အကောင်းဆုံးသော အတွေ့အကြုံများလည်းရှိနေပါပြီ။ အမျိုးသားနိုင်ငံရေးမှာ ခံယူချက်တို့အားနည်းခဲ့ကြပြီး အတ္တနှင့်ယှဉ်သည့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လွန်းသူများကြောင့် လက်နက်ကိုင်ပဋိပက္ခများ၊ မညီညွတ်မှုများ သက်ဆိုးရှည်နေခြင်းဖြစ်သည်ကို သိရှိကြပြီးဖြစ်သည်။


အကြောင်းရင်းကိုသိလျှင် မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ခံယူကျင့်သုံးကြပုံများကို လွှတ်တော်အတွင်းအပြင် လှုပ်ရှားမှုများမှတစ်ဆင့် ပြည်သူကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်ကြီးများက စံပြနမူနာပြ ဦးဆောင်ပြသသွားနိုင်ကြမည်ဟု ယုံကြည်ပါသည်။ ကိုယ်စားလှယ်များ မေးမည့်မေးခွန်း၊ တင်သွင်းမည့်အဆို၊ ဆွေးနွေးမည့်ဥပဒေများတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အချုပ်အခြာကိုမထိခိုက်အောင် မည်သို့ဆွေးနွေးညှိနှိုင်းကြမလဲ၊ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ပြဿနာကို ဘယ်လိုဆုံးဖြတ်အဖြေရှာမလဲ၊၊ လွှတ်တော်နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုကို ငြိမ်းချမ်းစွာဖြင့် မည်သို့ပျိုးထောင်မည်၊ ပြည်သူ့မျှော်လင့်ချက်နှင့်အိပ်မက်ကို မည်သို့ဖော်ဆောင်သွားမည်….၊ ဤသည်ပင် ထာဝရငြိမ်းချမ်းရေးအတွက် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် စွမ်းရည်ပြည့်မဏ္ဍိုင်များ (Strong Institutions) နှင့် စစ်မှန်သောပြယုဂ် ကောင်းများဖြစ်နေပါပြီ။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကျင့်စဉ်တစ်ခုကိုဖော်ထုတ်၍ ဖက်ဒရယ်ကိုဦးတည်သည့် ပြည်သူတို့၏ နိုင်ငံရေးရေချိန်ကိုမြှင့်တင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များက Role model များအဖြစ် ရပ်တည်နေကြပါပြီ။


နိုင်ငံရေးယဉ်ကျေးမှုတစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ


နိုင်ငံတစ်ခုဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေ အလှည့်အပြောင်း အချိုးအကွေ့တိုင်းတွင် အလွန်သတိထားရသည်။ အထူးသဖြင့် ပြည်တွင်းနိုင်ငံရေး အလှည့်အပြောင်းနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲများ တိုက်ဆိုင်နေချိန် ပို၍အရေးကြီးပါသည်။ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးဟူသည် ခေါင်းနှင့်ပန်းလို ဆက်စပ်နေသည့်အတွက် ယခုလို တိုးတက်စပြုလာသော ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် ပြည်ပအခြေအနေမျိုး၌ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနှစ်ခုလုံးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်ဟု ယူဆပါသည်။


အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတနှင့် ပညာဉာဏ်ကြီးသူများဖြစ်၍ ဆောင်ရွက်နိုင်စွမ်းရှိမှာ သေချာပါသည်။ မိမိတို့အတွေ့အကြုံနှင့် ပညာကိုအခြေခံပြီး ဆောင်ရွက်ဆဲလုပ်ငန်းတိုင်းကို ထိရောက်အောင်မြင်မှုရှိအောင် တွန်းအားပေးနိုင်မည်ဟု ပြည်သူကယုံကြည်၍ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုအားကောင်းလာအောင် နိုင်ငံတကာလွှတ်တော်များနှင့် ချိတ်ဆက်တွေ့ဆုံခြင်းဖြင့် ကူညီမှုများပေးနိုင်ပါသည်။


ယခု လွှတ်တော်ထဲရောက် ကိုယ်စားလှယ်အားလုံး၌ ဒို့တာဝန် အရေးသုံးပါးဟူသည့် အမျိုးသားနိုင်ငံရေး တူညီသောဘုံဝါဒ (Common platform) ပေါ်တွင် အတူရပ်တည်နေကြပြီဖြစ်သည်။ ယုံကြည်ချက်တို့တူညီမျှ၍ ခိုင်ခိုင်မာမာဖြစ်လာလျှင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ယုံကြည်မှုများ အပြန်အလှန်ထားရှိရန် အလှမ်းမဝေး တော့ပါ။ ယုံကြည်မှုရှိလာလျှင် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ရန်၊ ခံစားချက်များ၊ အကြံဉာဏ်များမျှဝေရန်၊ အတူလက်တွဲလုပ်ကြရန်လည်း ဝန်မလေးတော့။ ဖြူစင်သောစိတ်ထားကလာသည့် အများအတွက်လုပ်မည်ဆိုသော စိတ်ထားများ၊ နိုင်ငံအတွက်ဆိုသော စိတ်ဓာတ်ကောင်းများလည်း တိုးပွားလာမည်ဖြစ်သည်။


အများအတွက်၊ နိုင်ငံအတွက် လုပ်ကြမည်ဆိုလျှင် နားလည်မှု၊ သည်းခံစိတ်ရှည်မှုတို့ကို အပြန်အလှန်ပေးလာနိုင်ကြသည်သာ။ ထိုမှတစ်ဆင့် အပြန်အလှန်လေးစားမှုများ အားကောင်းလာပါမည်။ မဏ္ဍိုင်တစ်ခုတည်းတွင် မတူသည်များ၊ တူသည်များ အပေးအယူ မျှမျှတတဖြင့် ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်သည့် အလေ့အကျင့်ကောင်းသည် အခြားသောမဏ္ဍိုင်များနှင့်ပါ ယုံကြည်မှုကို ကောင်းစွာရယူသွားနိုင်ပါသည်။ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံးက အမျိုးသားနိုင်ငံရေး ဘုံတူညီမှုလမ်းကြောင်းပေါ်တွင် အတူတကွလျှောက်လှမ်း၊ အပြန်အလှန် ကူညီကြမည်၊၊ အဖျက်သဘောမဆန်၊ အပြုသဘောဖြင့် အပြန်အလှန်ထိန်းညှိကြမည့် ဒီမိုကရေစီယဉ်ကျေးမှုတစ်ခု တည်ဆောက်ကြမည်။ ထိုအလေ့အကျင့်နှင့် ယဉ်ကျေးမှုက အားလုံးအတွက် စံပြဖြစ်ရမည်၊ နမူနာကောင်း ဖြစ်ရမည်၊ ထိုနမူနာကောင်းများသည် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အထောက်အကူဖြစ်ရမည်၊ ထိုညီညွတ်မှုဖြင့် သွေးထိုးလှုံ့ဆော်မှု၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကို ဆန့်ကျင်နိုင်ရမည်ဟူ၍ လွှတ်တော်ကိုယ်စားလှယ်အားလုံးတွင် ခံယူထားပြီး ဖြစ်ကြပါသည်။


အချုပ်အားဖြင့် ထိုဖိုရမ်မှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် ဖွင့်ဟခဲ့သည့် ကတိစကားများကို နားထောင်၍ မျက်နှာစာသစ်တစ်ခု၏အဖွင့်သည် လှပခဲ့သည်ဟုဆိုနိုင်ပါပြီ။ ရောင်နီသစ်ဟုတင်စားရာ အရာရာကိုအသစ်ဖြစ်လိုသည့် ကိုယ်စားလှယ်များက ပြည်သူနှင့်အစိုးရကြား ပေါင်းကူးတံတားဖြစ်ရန် တာဝန်ယူ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ကိုင်ကြရန် အဆင်သင့်ဖြစ်နေကြပါပြီ။ ဖိုရမ်တွင်ပေးခဲ့သည့် သူတို့၏အကြံပြုချက်များကို ပညာရှင်များ၏ မျှဝေမှုများနှင့်ပေါင်းစပ်ပြီး လွှတ်တော်အတွင်း / အပြင်မှာ လက်တွေ့အသုံးချရာတွင် ထိထိရောက်ရောက်ဖြစ်ဖို့ဆိုလျှင် မဏ္ဍိုင်အားလုံး၏ ပူးပေါင်းပါဝင်မှု၊ သစ္စာစောင့်သိမှုနှင့် မျှဝေကူညီမှုများ အားကောင်းနေရန်သာ လိုပါတော့သည်။


ထို့ကြောင့် ပြန်ကြည့်လျှင် Stakeholders အားလုံးတွင် စိတ်ကောင်း စေတနာကောင်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်က အလွန်အရေးကြီးပြီး အခြေခံမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား အပြန်အလှန်ယုံကြည်မှုက အဓိကဖြစ်ပါသည်။ ထိုယုံကြည်မှုကသာလျှင် နိုင်ငံအတွက်အင်အားကိုဖြစ်စေပါမည်၊ စိတ်ချလုံခြုံမှုကိုပေးစွမ်းပြီး တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်ပါမည်၊ ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်၍ ဖွံ့ဖြိုးမှုဆီရှေးရှုနိုင်ပါမည်။ ဤ Mission ဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်အိပ်မက် Vision ကို မလွဲဧကန်ရရှိနိုင်မည်ဖြစ်သည်ဟု ခံယူထားပါသည်။ ။

No comments

Powered by Blogger.