ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးဖွံ့ဖြိုးရေးဆောင်ရွက်ပေး
နေထွန်းဦး(မန်းတက္ကသိုလ်)
ဘိန်းသမိုင်းအကျဉ်း
ဘိန်းကိုဘိန်းပင်၏ အသီးမှခြစ်ယူရရှိပြီး ဘီစီ ၅၀၀၀ ခန့်က မြေထဲပင်လယ်ဒေသတွင် အစားအစာ၊ ဆေးဝါးနှင့်အခမ်းအနားများတွင်အသုံးပြုခဲ့ကြောင်း ရှေးဟောင်းဂရိစာပေမှတ်တမ်းများအရတွေ့ရှိရပါသည်။ ဘီစီ ၃၄၀၀ ခန့်က အရှေ့အလယ်ပိုင်းရှိ ယူဖရေးတီးနှင့် တီဂရစ်မြစ်အကြား မက်ဆိုပိုတေးမီးယားဒေသ ယခုခေတ် (အီရန်-အီရတ်-ဆီးရီးယား) ရှိ ဆူမေးရီးယန်းလူမျိုး (Sumerians) များက ဘိန်းပင် (Poppy) ကို အစောဆုံး စိုက်ပျိုးခဲ့ပြီး ဆူမေးရီးယန်းများက ပျော်ရွှင်မှုအပင် (Hul-gai) ဟုခေါ်ဆိုကြပါသည်။ “ဘိန်း” ဆိုသည့်ဝေါဟာရမှာ မြန်မာမူရင်းစကားလုံးမဟုတ်ပါ။ ဘိန်းကို ဥရောပအလယ်ပိုင်းနှင့် အာရှမိုင်းနားဒေသတွင် “အိဖွန်” ဟုခေါ်ဆို၍ ပါဠိဘာသာဖြင့် “အိဟိဖန” (Ahiphena)၊ သက္ကတ-သင်္သကရိုက် (Sanskrit) ဘာသာဖြင့် “အဖေန”၊ အိန္ဒိယဘာသာစကားဖြင့် “အဖိန်း” ဟု ခေါ်ဆိုရာမှ မွန်-မြန်မာဘာသာဖြင့် “ဘိန်း” ဟုခေါ်ဆိုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အေဒီ ၉ ရာစုခန့်တွင် အာရပ်လူမျိုးသမားတော်များက ဘိန်းကိုဆေးကုသရာတွင် စတင်အသုံးပြု ခဲ့ရာမှ ဆေးဝါးအဖြစ် နှစ်ပေါင်း ၄၀၀၀ ခန့် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲခဲ့ပါသည်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၁၀၀၀ အတွင်း ဘိန်းသည် မြေထဲပင်လယ်ဒေသမှ အာရှနှင့်အရှေ့ဖျားနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းသည် အာရပ်ကုန်သည်များ ကုန်စည်ကူးသန်းရောင်းဝယ်ရာမှ အိန္ဒိယနှင့် တရုတ်နိုင်ငံဘက်သို့ရောက်ရှိလာခဲ့သည်။ ၁၆ ရာစုခန့်တွင် အာရပ်နှင့်ပေါ်တူဂီကုန်သည်များ အာရှဒေသနှင့်အိန္ဒိယနိုင်ငံသို့ ကုန်စည်ကူးသန်းရာမှ ဘိန်းမျိုးစေ့များရောက်ရှိလာပြီး အိန္ဒိယနှင့်တရုတ်နိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးမှုဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသို့ဘိန်းရောက်ရှိလာခြင်း
မြန်မာနိုင်ငံသို့ ၁၅၁၅ ခုနှစ်မှ ၁၅၈၀ ပြည့်နှစ်များအတွင်း၌ ဘိန်းစတင်ရောက်ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပြီး ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ကိုလိုနီအစိုးရက ဘိန်းလိုင်စင်များချထား၍ ဘိန်းခန်းများဖွင့်လှစ်ခွင့်ပြုရာမှ မြန်မာနိုင်ငံတွင် ဘိန်းသုံးစွဲမှုစတင်လာခဲ့ပါသည်။ ဘိန်းကုန်သွယ်မှု၊ ဘိန်းစားသုံးမှုများရှိလာသည့်အပြင် ပတ်ဝန်းကျင်ဒေသတွင်း ကိုလိုနီနိုင်ငံများတွင်လည်း ဘိန်းစားသုံးသည့် အလေ့အထများရှိလာပြီး ဘိန်းဝယ်လိုအားများလာခြင်း၊ ဘိန်းဝယ်လိုအားများလာသည်နှင့်အမျှ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဆုံရာနယ်မြေ (နောင်တွင် ရွှေတြိဂံဒေသဟုခေါ်ဆိုလာသည့်) သို့ ပတ်ဝန်းကျင်ဒေသများမှ ဘိန်းမျိုးစေ့များ၊ ဘိန်းစိုက်သည့်အလေ့အထများ ဝင်ရောက်လာပြီး ထိုဒေသမှ တောင်ပေါ်သားတို့သည် ဘိန်းစိုက်ပျိုးထုတ်လုပ်လာခြင်း၊ ဆက်စပ်လျက်ရှိသည့် မြန်မာနိုင်ငံတောင်တန်းဒေသများသို့ ဘိန်းမျိုးစေ့များ ပျံ့နှံ့လာခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဒေသတွင် ဘိန်းစိုက်ပျိုးမှုစတင်လာခဲ့ကြောင်း တွေ့ရှိရသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် ရှမ်းပြည်နယ်၏ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အတိုင်းအတာတစ်ခုအနေဖြင့်ရှိနေပြီး အနာဂတ်တွင်ပိုမိုများပြားမည့် မူးယစ်ဆေးဝါးပြဿနာများအတွက် မျိုးစေ့ချထားပြီးသကဲ့သို့ဖြစ်နေသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာအစိုးရက “ဘိန်းခင်းများ နှိပ်ကွပ်ရေးဥပဒေ” ကိုပြဋ္ဌာန်းပြီး ဘိန်းစားသုံးမှုကို ပိတ်ပင်တားမြစ်နိုင်ခဲ့သော်လည်း သံလွင်မြစ်အရှေ့ခြမ်း ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှုပြဿနာမှာကျန်ရှိနေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များ၊ သောင်းကျန်းသူအဖွဲ့အစည်းများ အများအပြား ပေါ်ပေါက်လာခြင်းကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသည် နိုင်ငံနေရာအနှံ့သို့သွားလာနိုင်မှုမရှိခြင်းမှာလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလျှော့ချရာတွင် အဓိကအဟန့်အတားတစ်ခုအဖြစ် ကြုံတွေ့ခဲ့ရသည်။
ဘိန်းစိုက်ပျိုးမှုအခြေအနေ
မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျသည့်ဒေသများ၊ နယ်မြေ တည်ငြိမ်မှုအားနည်းသည့်နေရာများနှင့် တောတောင်ထူထပ်သည့်နေရာများတွင် ဘိန်းစိုက်ပျိုးမှု များပြားကြောင်းတွေ့ရှိရပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး (အနောက်ခြမ်း) တို့တွင် ဘိန်းစိုက်ပျိုးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ဘိန်းစိုက်ပျိုးမှုကိုတိုင်းတာမှုများအရ ၁၉၉၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၁၆၃၀၀၀ ဟက်တာရှိပြီး နိုင်ငံတော်က မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်မှုကြောင့် ၂၀၀၆ ခုနှစ်တွင် ၂၁၅၀၀ ဟက်တာအထိ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ NCA သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး မူးယစ်ဆေးဝါးကိုကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၉၅၀၀ ဟက်တာအထိ ကျဆင်းသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူများက ဒေသခံပြည်သူများအား ဘိန်းစိုက်ပျိုးမှုတိုးချဲ့ရန် တွန်းအားပေးစေခိုင်းခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက နိုင်ငံ၏နေရာအနှံ့သို့သွားလာ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ရန် အကန့်အသတ်ရှိလာခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်မှစတင်၍ ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်လာခဲ့ပါသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာအပေါ် ချဉ်းကပ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင်ပြဋ္ဌာန်းခဲ့သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်အရ ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးဆိုသည့် မူဝါဒများနှင့်အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါသည်။ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော လုပ်ငန်းများအပေါ် မှီခိုနေရမှုလျှော့ချနိုင်ရေးအတွက် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သောအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးအပါအဝင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်နှင့်အညီ တစ်ဖက်မှဘိန်းစိုက်ပျိုးမှုသတင်းများကိုရယူဖော်ထုတ်၍ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဘိန်းစိုက်ဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်၍ ဘိန်းစိုက်တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဘိန်းစိုက်တောင်သူ
ဘိန်းစိုက်တောင်သူအများစုမှာ လွန်စွာဆင်းရဲနွမ်းပါးကြပါသည်။ ဘိန်းသည်လူ့အဖွဲ့အစည်းကို မည်မျှထိခိုက်စေကြောင်း၊ ကမ္ဘာတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှုများ အဆမတန်မြင့်တက်လာမှုကြောင့် နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် ဆိုးရွားသောအန္တရာယ်ကျရောက်စေမည့် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိလာသည့် အကျိုးအမြတ်နှင့်ငွေကြေးတို့သည် အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ ပင်လယ်ဓားပြမှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်စေ၍ လူသားအရင်းအမြစ်များ ဆုံးရှုံးလာပြီး လူရာမဝင်လူစဉ်မမီသည့် မျိုးဆက်သစ်လူ့အဖွဲ့အစည်းများ ဖြစ်လာစေနိုင်ကြောင်းကို ဘိန်းစိုက်သူများအနေဖြင့် ဗဟုသုတရှိချင်မှရှိကြမည်၊ ဘိန်းစိုက်ရာသီတွင် မိသားစုစားဝတ်နေရေးအတွက် တောင်စောင်း၌ထွန်ယက်ပြီး ဘိန်းခင်း တစ်ဧက (သို့မဟုတ်) နှစ်ဧကကိုစိုက်ပျိုးမည်၊ ဘိန်းစိုက်ရန် အရင်းအနှီးထုတ်ပေးမည့် နောက်ကွယ်မှသူတွေ အဆင်သင့်ရှိသည်၊ စျေးကွက်ရှာရန်မလို ဘိန်းပေါ်လျှင် လာရောက်သိမ်းယူမည့် သူတွေအဆင်သင့်ရှိသည်။ ဘိန်းတစ်ဧကကို အထွက်နှုန်းအပေါ်မူတည်၍ လေးပိဿာနှင့် ခြောက်ပိဿာကြားရမည်ဆိုလျှင် ဘိန်းတစ်ပိဿာ ငွေကျပ် ငါးသိန်းခန့်နှင့်တွက်ပါက ဘိန်းတစ်ဧက ငွေကျပ်သိန်း ၂၀ မှ သိန်း ၃၀ ကြားရမည်၊ ရရှိသည့်ငွေဖြင့် စားဝတ်နေရေးဖြေရှင်းရသည်။ ကျွမ်းကျင်သူပညာရှင်များ၏ တွက်ချက်မှုအရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကအကျိုးအမြတ်ရရှိသူများမှာ လက်နက်ကိုင်သောင်းကျန်းသူများ၊ နောက်ကွယ်မှ အရင်းအနှီးထုတ်ပေးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများသာဖြစ်ပြီး ဘိန်းစိုက်တောင်သူများ၏ဝင်ငွေမှာ Zero Level သာဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ် မေလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့တွင် ပြုလုပ်ခဲ့သည့် ခုနစ်ကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်၏ ဖော်ပြချက်အရ ဘိန်းစိုက်တောင်သူများသည် တောင်တန်းဒေသများတွင် သီးခြားနေထိုင်ရပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါး၍ အသက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုး၍ရရှိလာသောဝင်ငွေကို မိသားစုစားဝတ်နေရေးနှင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုကြရကြောင်း၊ ဘိန်းစိုက်ပျိုးမှု၏ အဓိကအချက်မှာ ဆင်းရဲနွမ်းပါးမှုဖြစ်ကြောင်း၊ လူအချို့က ဘိန်းစိုက်တောင်သူများ ငွေကြေးများစွာရရှိနေသည်ဟု ယူဆနေကြသော်လည်း အမှန်တကယ်မှာ ဆင်းရဲနေကြဆဲဖြစ်ကြောင်း၊ ဘိန်းစိုက်တောင်သူများကို အပြစ်ကျူးလွန်သူများအဖြစ် မမြင်စေလိုကြောင်းနှင့် အစိုးရကို ဆန့်ကျင်ရန်၊ ကမ္ဘာကြီးကိုဆန့်ကျင်ရန် ဘိန်းစိုက်ပျိုးခြင်းမဟုတ်ဘဲ အသက်ရှင်နေထိုင်ရန်အတွက်သာ ဘိန်းစိုက်ကြခြင်းဖြစ်ကြောင်း၊ ဘိန်းစိုက်တောင်သူများသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသောနယ်မြေများ၌နေထိုင်ရပြီး လက်နက်ကိုင်ပဋိပက္ခသည် ဘိန်းစိုက်ပျိုးမှုကို နောက်ကွယ်မှအဓိကတွန်းအားပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းမှုမရှိသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုရှိလာမည်မဟုတ်သဖြင့် အခြေခံစားဝတ်နေရေးအတွက် ဘိန်းကိုစိုက်ပျိုးနေရကြောင်း၊ တရားမဝင်လက်နက်ကိုင်အဖွဲ့များသည် ဘိန်းစိုက်ပျိုးမှုကိုတွန်းအားပေးပြီး ၎င်းတို့နှင့်အချိတ် အဆက်ရှိသည့် ကုန်သည်များကိုသာ ဘိန်းဝယ်ယူရောင်းချခွင့်ပြုခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ထားကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။
ဒေသတွင်းနိုင်ငံများ၏ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း
မဲခေါင်ဒေသတွင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ၁၉၅၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးခြင်းကိုပိတ်ပင်ခဲ့သော်လည်း အရင်းအမြစ်မလုံလောက်မှု၊ ဒေသနေပြည်သူများ နားလည်မှုနည်းပါးခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ချင်းမိုင်ခရိုင်ရှိ အချို့ဘိန်းစိုက်ပျိုးသူများသည် ဒေသထွက်မက်မွန်သီးများရောင်းချခြင်းမှ ဝင်ငွေရရှိကြောင်းသိရှိခဲ့ပြီး မက်မွန်သီးစိုက်ပျိုးခြင်းသည် ဘိန်းထက်ဝင်ငွေပိုမိုရရှိ၍ ရာဇဝတ်မှုမမြောက်ကြောင်းကို ဒေသခံများသိရှိအောင် အစိုးရကဆောင်ရွက်ခဲ့ပြီး Princess Mother's Medical Volunteer Foundation မှတစ်ဆင့် ဝေးလံသောတောင်ပေါ်ဒေသရှိ ပြည်သူများ၏ စာသင်ကြားမှု၊ ဆင်းရဲမွဲတေမှုနှင့် ကျန်းမာရေးကိစ္စများကို ဆယ်စုနှစ်များစွာထောက်ပံ့ကူညီခဲ့ကြောင်း၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်း၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မျိုးစေ့၊ ဓာတ်မြေသြဇာ၊ လေ့ကျင့်သင်ကြားရေးနှင့် အခြေခံအဆောက်အအုံများပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ ယခုအခါအောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၁၉၇၁ ခုနှစ်တွင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သည် UNFDAC နှင့်ပူးပေါင်း၍ အစားထိုးသီးနှံနှင့် ရပ်ရွာဖွံ့ဖြိုးရေးစီမံကိန်းများကိုတည်ထောင်၍ အာရေးဗီးကားကော်ဖီ (ArabicaCoffee)၊ လက်ဖက်ခြောက်၊ ဂေါ်ဖီထုပ်၊ ပန်းသီးနှင့်အလှဆင် ပန်းများအပါအဝင် သီးနှံမျိုးစိတ်အသစ် ၁၅၀ ကျော်ကို ဘိန်းစိုက်တောင်သူများအား မျိုးဖြန့်ဝေခြင်း၊ ဖွံ့ဖြိုးရေးစင်တာများနှင့် သုတေသနစခန်းများ ဖွင့်လှစ်ပေးခြင်း၊ ဘိန်းအစားထိုးထုတ်ကုန်များကို Doi Kham အမှတ်တံဆိပ်ဖြင့် စူပါမားကတ်များတွင်တင်၍ဖြန့်ဖြူးပေးခြင်း၊ သစ်သီးခြောက်နှင့် ဖျော်ရည်ထုတ်ကုန်များကို ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံများတွင်စျေးကွက်ရရှိရန် ဆောင်ရွက်ပေးခြင်း၊ ချင်းရိုင်ပြည်နယ်တွင် Mae Fah Luang Foundation ၏ ဘိန်းအစားထိုးဖွံ့ဖြိုးရေး Doi Tung ကော်ဖီစေ့များကို ဂျပန်လေကြောင်းလိုင်းများနှင့် ဂျပန်လက်လီအရောင်းဆိုင် Muji စတိုးဆိုင်များတွင် ရောင်းချနိုင်ရေးဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
အလားတူ လာအိုနိုင်ငံသည် နိုင်ငံမြောက်ဘက်ပိုင်းရှိ ဆင်းရဲပြီးဝေးလံသီခေါင်သည့်ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးလျက်ရှိသည့်အတွက် အဓိကဘိန်းစိုက်ပျိုးသည့်နေရာများ၌ အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တောင်သူအစုအဖွဲ့ပိုင် ဗန်မိုင်သမဝါယမအသင်းသည် ကော်ဖီစိုက်ပျိုး၍ ပြင်သစ်မာလန်ဂိုကော်ဖီကုမ္ပဏီ (Malongo Coffee) နှင့် နှစ်ရှည်အရောင်းအဝယ် သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီး ၂၀၂၅ ခုနှစ်အထိ ကော်ဖီ ဈေးကွက်ရရှိနိုင်ရန်ဆောင်ရွက်၍ ကော်ဖီမှုန့်များကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ ဗန်မိုင်သမဝါယမအသင်း၏ အောင်မြင်မှုကိုအခြေခံ၍ အလားတူစီမံကိန်းတစ်ခုကို ဖုန်စလေပြည်နယ်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့်ညှိနှိုင်း၍ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် တရားဝင်ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုလမ်းကြောင်းများကို ဖြတ်တောက်ခဲ့သဖြင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဘိန်းစိုက်ပျိုးမှု ဘက်သို့ဦးတည်သွားသည့်လူဦးရေ ပိုမိုများပြားလာနိုင်သည့်အတွက် ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့် ဘိန်းအစားထိုးသီးနှံ ကော်ဖီပင်စိုက်ပျိုးခြင်းသည် ရေရှည်ဝင်ငွေရရှိနိုင်သည့်လုပ်ငန်းဖြစ်ကြောင်း သိရှိလာစေရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ လေ့လာတွေ့ရှိရပါသည်။
ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း
မြန်မာနိုင်ငံအနေဖြင့်လည်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခဲ့ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေး၊ မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မားတိုးတက်ပြောင်းလဲရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူးဆက်ဆံနိုင်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားရေး စသည့်အချက်များကို မူဝါဒတစ်ရပ်အနေဖြင့် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဘိန်းစိုက်ပျိုးရာဒေသများတွင် လမ်းဖောက်လုပ်ပေးခြင်း၊ ရေရရှိရေး၊ လျှပ်စစ်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး/ မွေးမြူရေးအတွက် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည့် (Substainable Development) ဖြစ်စေမည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ လက်အောက်ရှိ သီးနှံများအစားထိုး စိုက်ပျိုးရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းဝင်မြို့နယ် ၅၅ မြို့နယ်၌ နှစ်ချင်းသီးနှံမျိုးစေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင် ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု၊ စိုက်ပျိုးရေး ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ မွေးမြူရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူသူလုပ်ငန်းရှင်များနှင့် ကျေးလက်နေပြည်သူများအား ပျားမွေးမြူရေးသင်တန်းများပို့ချပေးခြင်း၊ စီမံကိန်းဝင် ၅၁ မြို့နယ်တွင် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ အခြားတိရစ္ဆာန် ၁၃၁၅၇၉၆ ကောင်ကို ရောဂါ ကာကွယ်ပေးနိုင်ခဲ့ပြီး ၁၈၁၂၉၇ ကောင်တို့ကို ရောဂါကုသပေးနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ထိုင်းနိုင်ငံ မယ့်ဖားလုံ ဖောင်ဒေးရှင်းနှင့်ပူးတွဲ၍ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိဆောင်ရွက်ခဲ့ရာ ကျန်းမာရေးထောက်ပံ့မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ မွေးမြူရေးနှင့်ကုသရေး၊ စီးပွားဖြစ်သစ်တောနှင့် အသုံးချသစ်တောလုပ်ငန်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း၊ စီးပွားစစ်တမ်းကောက်ယူခြင်းလုပ်ငန်း၊ လေ့လာရေးခရီးစဉ်၊ စီမံကိန်းဧရိယာအတွင်းသို့ ကိုယ်စားလှယ်များ လေ့လာရေးနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း စသည့်လုပ်ငန်းများ ပါဝင်ခဲ့ပါသည်။ အလှူရှင်နိုင်ငံများ၏ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ဟိုပုံးမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာ ၆၀ တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကို နှစ်အလိုက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ ဘိန်းအစားထိုးကော်ဖီစိုက်တောင်သူများ၏ ရွှေစိမ်း (Green Gold) ကော်ဖီစိုက်တောင်သူသမဝါယမအသင်းနှင့် ပြင်သစ်နိုင်ငံမှ မာလန်ဂို (Malongo Coffee) ကုမ္ပဏီတို့အကြား ငါးနှစ်စီမံကိန်းကို လက်မှတ်ရေးထိုး၍ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ဒေသများမှထွက်ရှိသော ကော်ဖီတန်ချိန် ၆၀၀ ကျော်ကို ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ အရည်အသွေးကောင်းမွန်သည့် အစားထိုးသီးနှံကော်ဖီများကို Malongo ကော်ဖီကုမ္ပဏီမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကော်ဖီတန်ချိန် ၇၁၇ ဒသမ ၂၂ တန် တင်ပို့ရောင်းချခဲ့ပြီး ဈေးကွက်သစ်အဖြစ် ဂျပန်နိုင်ငံသို့ ကော်ဖီ သုည ဒသမ ၆ တန် တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။
အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ခံဌာနများနှင့် ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းတို့က ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်တရားဒေသတွင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအနေဖြင့် ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ မွှေးပြင်၊ ပင်ခင်၊ လွယ်မော၊ ပေါ့အင်ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာ ၉၆ ရွာ၊ အိမ်ထောင်စု ၆၁၄၉ စုတွင် ကော်ဖီပင်စိုက်ပျိုးခြင်း၊ လက်ဖက်ပင်စိုက်ပျိုး၍ လက်ဖက်ခြောက်ထုတ်လုပ်ခြင်း၊ ပြောင်းစိုက်ပျိုးခြင်း၊ နွားမွေးမြူခြင်း စသည့် ဘိန်းအစားထိုး စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒေသတွင်းနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းစိုက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ သန့်ရှင်းသည့် သောက်ရေ/သုံးရေရရှိရန်၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခြေခံအဆောက်အအုံ လိုအပ်ချက်များပြည့်စုံရန်ဆောင်ရွက်ပေးခြင်း၊ ဘိန်းစိုက်တောင်သူများအတွက် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ပေးခြင်း၊ စီမံကိန်းမှထွက်ရှိသည့် ထုတ်ကုန်များကို စျေးကွက်ရရှိရေးဆောင်ရွက်ပေးခြင်း၊ သုတေသနနှင့် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူး ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း အလားတူ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့မှာ အဓိကကျပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှု ချုပ်ငြိမ်းသည်နှင့်အမျှ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုအောင်မြင်မည် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးကင်းစင်သော လူမှုအသိုက်အဝန်းတည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးကလည်း နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား -
- မြန်မာနိုင်ငံ၏မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက် နှစ်ပတ်လည် အစီရင်ခံစာများ
- Statement from the 7th, Myanmar Opium Farmer’s Forum,10 May 2019
- How Thailand Became a Model for Alternative Development ( Internet)
- Internet

No comments