အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ သုံးဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်



ရန်ကုန် ဧပြီ ၂၉

 

ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲကြုံတွေ့လာပါက နိုင်ငံတော် အစိုးရသည် နိုင်ငံသားများအပေါ် အလေးအနက်ထား၊ တန်ဖိုးထားကာ မည်သို့သော အခြေအနေတွင် ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ခင်စမ်းဌေး၊ သင်းသင်းအေးနှင့် ဖြိုးအိမာတို့ကို အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရေး ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ အီရတ်နိုင်ငံ လူကုန်ကူး တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရသည့်အခါ မြန်မာသံရုံးက ဆက်သွယ်အကူအညီ တောင်းခံလေ့ရှိသည့် အီရတ် မိတ်ဆွေများနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုဖြင့် ဧပြီ ၂၇ ရက်တွင် ဘဂ္ဂဒက်မြို့မှ ရှာဂျာခရီးစဉ်၊ ဧပြီ ၂၈ ရက်တွင် ရှာဂျာ-ဗန်ကောက်ခရီးစဉ်၊ ဧပြီ၂၉ရက်‌တွင် ဗန်ကောက်-ရန်ကုန်ခရီးစဉ် ဖြင့် ထွက်ခွာခဲ့ရာ ယနေ့နံနက် ၃ နာရီ ၁၀မိနစ် တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပြီး ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခ ကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့် မိဘဆွေမျိုးများအနေဖြင့် နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - သီဟ

No comments

Powered by Blogger.